မြန်မာထောပတ်သီးသုံးမျိုးကို ဗြိတိန်ဈေးကွက်စမ်းသပ်တင်ပို့မှု ရလဒ်ကောင်းရရှိ ၊ စင်ကာပူ၊ တရုတ်၊ ယူကေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့က ဝယ်ယူလိုသည်ဟုဆို

နေပြည်တော်  ဒီဇင်ဘာ  ၂၇

မြန်မာထောပတ်သီး သုံးမျိုးကို ဗြိတိန် ဈေးကွက် စမ်းသပ်တင်ပို့မှု ရလဒ်ကောင်းရရှိ ပြီး စင်ကာပူ၊ တရုတ်၊ ယူကေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့က ဝယ်ယူလိုမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကပြောကြားသည်။

ယနေ့နံနက် ၉ နာရီတွင် Zoom Applicationဖြင့်ကျင်းပသော   မြန်မာနိုင်ငံ ထောပတ်သီး   စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း(MAVO)၏ တတိယအကြိမ်မြောက်  နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင်     ပြည်ထောင်စုဝန်ကြီးက   အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင်  ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိသကဲ့သို့   မြန်မာနိုင်ငံမှ ထောပတ်သီးသုံးမျိုးကို  ဗြိတိန်ဈေးကွက်သို့  စမ်းသပ်တင်ပို့ခဲ့ရာတွင်လည်း   ရလဒ်ကောင်းများ ကြားသိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသော USAID, UKaid တို့ကဲ့သို့သော အဖွဲ့အစည်းများ၏ ပံ့ပိုးမှုများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း၊ ထောပတ်သီးကို စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ဝယ်လိုအားရှိသကဲ့သို့  အနောက်နိုင်ငံများ ဖြစ်သည့်ယူကေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့ကလည်း ဝယ်ယူလိုမှုများ ရှိနေသည့်အပြင်  ထောပတ်သီးအဆီကိုလည်း ဂျပန်နိုင်ငံ၊  ကိုရီးယားနိုင်ငံများက ဝယ်လိုအားရှိသည်ဟု သိရှိရကြောင်း။ ကိုဗစ်ကာလဖြစ်သော်လည်း အွန်လိုင်းမှသော် လည်းကောင်း၊ စီးပွားရေး သံမှူးများမှတစ်ဆင့်သော်လည်းကောင်း ဈေးကွက် ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်အသစ်များ တိုးချဲ့ရရှိရန် လိုအပ်သကဲ့သို့   ရရှိပြီးဈေးကွက်များကိုလည်း  ထိထိရောက်ရောက် တင်ပို့သွားနိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေး၌    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်တို့က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ စင်ကာပူရှိ မြန်မာသံရုံးမှစီးပွားရေးသံမှူးက ထောပတ်သီး ဈေးကွက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အသင်းမှတာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းများ၊ စာတမ်းဖတ်ကြားခြင်းများ   ပြုလုပ်ခဲ့ကြကြောင်း သိရသည်။