မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဗီယက်နမ်နည်းပြကို ကာလတိုငှားရမ်းရန်စီစဉ်

 

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ   (ဆီးဂိမ်း)  အတွက် ရည်ရွယ်၍ ဗီယက်နမ် နည်းပြကို ကာလတို ငှားရမ်းရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာဗိုဗီနမ်   အားကစားအဖွဲ့သည် ဆီးဂိမ်းအတွက်  ဖေဖော်ဝါရီ  ၁၅ ရက် တွင်   ပဏာမလက်ရွေး စင်ကစားသမား ရွေးချယ်မှု ပြုလုပ်မည်ဖြစ်ပြီး မတ်လမှစ၍ နေပြည်တော်၌   စခန်းသွင်းလေ့ကျင့်ရန် စီစဉ်ထားသည်။

“ဆီးဂိမ်းအတွက်   ရည်ရွယ်ပြီးတော့ ဗီယက်နမ်နည်းပြငှားရမ်းဖို့ စီစဉ်ထားပါ တယ်။ ရေရှည်တော့ ငှားရမ်းနိုင်မှာမဟုတ် ဘဲ  မေ၊  ဇွန်နဲ့ ဇူလိုင်လ သုံးလလောက် ကိုပဲ ကာလတိုငှားရမ်းဖို့ ကမ်းလှမ်းထား ပါတယ်။  အကြောင်းတော့မပြန်သေးဘူး။  ကစားသမားတွေကို    ပြည်ပနည်းပြ

နဲ့ စနစ်တကျလေ့ကျင့်ခွင့်ရစေမယ့်အပြင် ဗီယက်နမ်နည်းပြဖြစ်တဲ့အတွက် အမှတ်ပေးစည်းမျဉ်း ကိုလည်း သေချာလေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ဆီးဂိမ်းမှာ အောင်မြင်မှုရရှိဖို့အတွက်လည်း အကောင်း ဆုံးပြင်ဆင်သွားပါမယ်။ ဒါ့ပြင် COVID-19 ရောဂါ အခြေအနေပေါ်မူတည်ပြီး ဆီးဂိမ်းမတိုင်မီ ကစားသမားတွေကို ပြည်ပကို လေ့ကျင့်မှု စေလွှတ်ဖို့လည်း စီစဉ်ထားပါတယ်” ဟု ၎င်းကပြောသည်။

၂၀၂၁ ဆီးဂိမ်းကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပ မည်ဖြစ်သည်။ ဗီယက်နမ်ဆီးဂိမ်းတွင်   ဗိုဗီနမ်အား ကစားနည်းကို    အတိုက်အမျိုးအစား ခြောက်မျိုး နှင့်  အပြအမျိုးအစားကိုးမျိုး စုစုပေါင်း  ပြိုင်ပွဲအမျိုးအစား  ၁၅  မျိုး ထည့်သွင်းကျင်းပရန်  လျာထားကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက   ထုတ်ပြန် ထားသည်။

ဗိုဗီနမ်အားကစားနည်းကို    ၂၀၁၃ နေပြည်တော်ဆီးဂိမ်းတွင်    နောက်ဆုံးထည့်သွင်းကျင်းပခဲ့ပြီး ကျန်နှစ်များတွင် ကျင်းပခဲ့ခြင်းမရှိဘဲ  ၂၀၂၁  ဗီယက်နမ် ဆီးဂိမ်း၌    ပြန်လည်ပါဝင်လာခြင်းဖြစ် ကြောင်း သိရသည်။