မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာရာထူးကို ယခုနှစ်အတွင်း ခန့်အပ်နိုင်ရန်ကြိုးပမ်း

ရန်ကုန်၊ ဘောလုံး

လစ်လပ်နေသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နည်းစနစ်ဒါရိုက်တာရာထူးကို ယခုနှစ်အတွင်း ခန့်အပ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ MFF နည်းစနစ်ဒါရိုက်တာရာထူးအတွက် လာရောက်လျှောက် ထားသူများမှ နယ်သာလန်၊ ဂျာမနီနှင့် သြစတြေးလျနိုင်ငံသားသုံးဦးကို  ပဏာမအဆင့် ရွေးချယ်ထားကြောင်း MFF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

MFF  သည်  နည်းစနစ်ဒါရိုက်တာ  ဘယ်လ်ဂျီယံနိုင်ငံသား  အဲရစ်နှင့် ၂၀၂၀ ပြည့်နှစ် မေလပထမပတ်က နှစ်ဦးသဘောတူလမ်းခွဲခဲ့သည်။ အဲရစ်သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလက MFF နှင့်  သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း တစ်နှစ်ခွဲကျော်တွင် နှစ်ဖက်သဘောတူလမ်းခွဲခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်  ၎င်းနေရာ၌  သင့်လျော်မည့် ပြည်ပနည်းစနစ်ဒါရိုက်တာတစ်ဦးကို ပြန်လည်ခန့်အပ်ရန် စီစဉ်ထား ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ခန့်အပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အသစ်ခန့်အပ်မည့် နည်းစနစ်ဒါရိုက်တာအနေဖြင့် လူငယ်ဘောလုံး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် MFF ၏ အမျိုးသား ဘောလုံး အကယ်ဒမီသုံးခုကို အဓိကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။

MFF သည် လာမည့်နှစ်မှ စ၍ လူငယ်ဘောလုံးဖွံ့ဖြိုးရေးစီမံကိန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပြီး  ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)က မြန်မာနိုင်ငံအတွက် ချမှတ်ရေးဆွဲပေးထားသည့် FIFA Football for Schools အစီအစဉ်ကို အကောင်အထည်ဖော်မည်ဖြစ်သည်။ FIFA Football for Schools အစီအစဉ်သည် တစ်နိုင်ငံ လုံးရှိ   နေရာဒေသ၊  ကျား၊ မ လူငယ်မရွေး   ဘောလုံးကစားခွင့်ရရှိရန် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် MFF တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ယင်းအစီအစဉ်ကို မူလက ယခုနှစ်အတွင်း FIFA က ချမှတ်သည့်အတိုင်း တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများ၌ အကောင်အထည်ဖော်ရန် စီစဉ်ထားသော်လည်း လက်ရှိတွင် COVID-19 ရောဂါအခြေ အနေကြောင့်  ရွှေ့ဆိုင်းထားရကြောင်း သိရသည်။                

 ကိုရဲ