မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း (နေပြည်တော်)

 

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း (နေပြည်တော်)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက်မှ  လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို ဦးတည်ချက်ချမှတ်လမ်းညွှန်ထားပြီး   ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ (က)လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ (ခ)လူတိုင်းရောဂါဘယ ကင်းရှင်းရေးဟူ၍ ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း(နေပြည်တော်)သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ အဆိုပါမြန်မာနိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (နေပြည်တော်) တည်ထောင်ခြင်းသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတွင်   အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပါသည်။ ဤဌာနသည် မြန်မာနိုင်ငံတွင် ရောဂါများကို ကာကွယ်ရန်နှင့် စီမံခန့်ခွဲရန်၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦများ မြှင့်တင်ရန်နှင့် ခေတ်မီဆေးဘက်ဆိုင်ရာ သင်တန်းများ ပို့ချရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက် နံနက် ၉ နာရီတွင် နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်ရှိ အဆိုပါဗဟိုဌာနနှင့် သင်တန်းကျောင်း အဆောက်အအုံ၌  ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားမိန့်ခွန်းတွင် ကမ္ဘာ့နိုင်ငံများတွင်  သဘာဝဘေးအန္တရာယ်များ၊ ကပ်အသွင်ဖြစ်ပွားသည့် ကူးစက်ရောဂါများကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများကို ရင်ဆိုင်ကြုံတွေ့ရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု၊ ၂၀၂၃  ခုနှစ်  မေလတွင် တိုက်ခတ်ခဲ့သည့်   ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရကြောင်း၊ ထိုသို့ကြုံတွေ့ရာတွင် ကြိုတင်ပြင်ဆင်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်းများကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်စီမံခန့်ခွဲမှု၊ ကျန်းမာရေး ဝန်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့်  ဟန်ချက်ညီညီ အောင်မြင်စွာ စီမံထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ လူများရွှေ့ပြောင်း သွားလာနေထိုင်မှုနှင့် ပြောင်းလဲလာသည့် လူနေမှုဘဝပုံစံကြောင့် ကမ္ဘာတစ်ဝန်းတွင်   တိရစ္ဆာန်များမှတစ်ဆင့်    စတင်ကူးစက် ဖြစ်ပွားသည့် ကူးစက်ရောဂါများအပါအဝင် ကူးစက်ရောဂါအသစ်များဖြစ်ပွားခြင်း၊ ယခင်ကတည်းက ရှိနေသည့် ကူးစက်ရောဂါများ ပြန်လည်ခေါင်းထောင်ပြီး ဖြစ်ပွားခြင်းများလည်း  ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းကဲ့သို့ပြဿနာများကို  ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုတင်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊   ကျန်းမာရေး ပြဿနာများကို ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည်မြင့်မားရန်နှင့် ဆန်းသစ်သည့် နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန်လိုအပ်ကြောင်း၊ ပြည်သူ့ကျန်းမာရေး လုံခြုံမှုနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများကို   ပိုမိုထိရောက်စွာ  စီမံခန့်ခွဲကိုင်တွယ် ဖြေရှင်းနိုင်ရန် ကမ္ဘာ့နိုင်ငံများအနေဖြင့် အားကောင်းခိုင်မာပြီး  အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေး အဖွဲ့အစည်းများရှိရန် အရေးကြီးသည်ကို သတိပြုခဲ့မိကြကြောင်း၊ ထို့ကြောင့်ကျန်းမာရေးအဖွဲ့အစည်းများကို ပိုမိုထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများတွင် ရောဂါထိန်းချုပ်ရေး ဗဟိုဌာနများ  ဖွင့်လှစ်တည်ထောင်ကြပြီး ရောဂါနှိမ်နင်းရေးလုပ်ငန်းများကို ထိထိရောက်ရောက်  ဆောင်ရွက်လာကြကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ သုတေသနပြုလုပ်ရေးနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးဗဟိုဌာနတစ်ခု ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ  ချစ်ကြည်ရေးသင်္ကေတအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက ကူညီတည်ဆောက်ထူထောင်ပေးခြင်းဖြစ်ကြောင်း၊   မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း စီမံကိန်းကို  တရုတ်ယွမ်ငွေသန်း ၃၃၀ ခန့်ဖြင့်     ပြည်ထောင်စုနယ်မြေ   နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်    ယခုကဲ့သို့ အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊   မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း(နေပြည်တော်) ထူထောင်နိုင်ခြင်းဖြင့်  မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်းကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းပြီး တိုးတက်အောင် ဆောင်ရွက် သွားနိုင်တော့မည်ဖြစ်ပြီး    အပြည်ပြည်ဆိုင်ရာ    ကျန်းမာရေးပြဋ္ဌာန်းချက်နှင့်  ကမ္ဘာလုံးဆိုင်ရာ   ကျန်းမာရေး လုံခြုံမှုဆိုင်ရာ အစီအမံများကိုလည်း     ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ယခုဌာနကြီးကို ဗဟိုပြု၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားလာနိုင်သည့် သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးနှင့်  ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများကို ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ထိန်းချုပ်နိုင်ခြင်း၊  ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း၊ ကူးစက်ရောဂါများအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်ခွဲခန်းဝန်ဆောင်မှုများကို ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ ပြည်သူ့ကျန်းမာရေးအရေးပေါ်ကိစ္စရပ်များနှင့် ဦးစားပေးပြည်သူ့ကျန်းမာရေးပြဿနာများကို ဖြေရှင်းရာတွင် ပံ့ပိုးပေးနိုင်ခြင်း စသည်တို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါများ ဖြစ်ပွား လာပါကလည်း ရောဂါပိုးမွှားများ၏ မျိုးရိုးဗီဇနှင့်သဘောသဘာဝကို   မိမိတို့နိုင်ငံအတွင်း၌ ဓာတ်ခွဲစမ်းသပ် ဖော်ထုတ်နိုင်မည်ဖြစ်၍ ယင်းကူးစက်ရောဂါကို အချိန်တိုအတွင်း ထိရောက်စွာ ကာကွယ်ထိန်းချုပ် တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါဌာနသည် ပြည်သူ့ကျန်းမာရေး နယ်ပယ်အတွင်း     ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် သင်တန်းပို့ချမှု လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး    ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါသည်။    ၎င်းအပြင် ရောဂါစောင့်ကြည့်ခြင်းသာမက ရောဂါဖြစ်ပွားမှု တုံ့ပြန်ခြင်းနှင့်    ကြိုတင်ပြင်ဆင်ခြင်း၊ ပြည်သူ့ကျန်းမာရေးသုတေသန၊ လေ့ကျင့်ရေးနှင့်    စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း(နေပြည်တော်) ဖြစ်မြောက်ရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ပံ့ပိုးကူညီမှုသည်   မြန်မာနိုင်ငံ၏   ပြည်သူ့ကျန်းမာရေး အခြေခံ အဆောက်အဦများ အားကောင်းလာစေရန်နှင့် ကူးစက်ရောဂါများကို စီမံခန့်ခွဲနိုင်မှု စွမ်းရည်ကို မြှင့်တင်ရာတွင် လိုအပ်ပါသည်။ အဆိုပါပံ့ပိုးကူညီမှုသည်   မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ဒေသတွင်း ကျန်းမာရေးလုံခြုံရေးအတွက် အထောက်အကူ ဖြစ်စေပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှု ကျွမ်းကျင် ပညာရှင်များအတွက် အထူးပြုသင်တန်းများ ပေးထားပြီး ဤအစီအစဉ်များသည် ရောဂါစောင့်ကြည့်မှု၊ ရောဂါဖြစ်ပွားမှု တုံ့ပြန်မှု၊ ဓာတ်ခွဲခန်းနည်းပညာများနှင့် ပြည်သူ့ကျန်းမာရေး စီမံခန့်ခွဲမှုတို့ကို အဓိက ပံ့ပိုးပါသည်။   တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးပညာရှင်များသည် ၎င်းတို့၏ အသိပညာနှင့် ကျွမ်းကျင်မှုများကို မျှဝေရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး အဆိုပါဖလှယ်မှုများသည် ဒေသတွင်းစွမ်းဆောင်ရည်များ တည်ဆောက်ခြင်းနှင့် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေပါသည်။

ဤဌာနသည် ကူးစက်ရောဂါများကို တိုက်ဖျက်ရန်နှင့်   ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို တုံ့ပြန်ရန် နိုင်ငံ၏ကြိုးပမ်းအားထုတ်မှုဖြစ်ပြီး ပိုမိုကောင်းမွန်သောစောင့်ကြည့်ခြင်း၊ သုတေသနနှင့် တုံ့ပြန်မှုယန္တရားများကို အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ ရောဂါဖြစ်ပွားမှုများကို လျင်မြန်စွာ ဖော်ထုတ် ထိန်းချုပ်နိုင်စေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ ဤဌာနတည်ထောင်မှုသည် နိုင်ငံတော်၏ ကျန်းမာရေးလုံခြုံမှုကို   အားကောင်းလာစေရန်နှင့် နိုင်ငံသားများအားလုံးကို   ကျန်းမာရေးခြိမ်းခြောက်မှုမှ ကာကွယ်ရန် အဓိကထား ဆောင်ရွက်သွားနိုင်မည်   ဖြစ်ပါသည်။ ၎င်းအပြင် ပြည်သူများ အားလုံးသိရှိနိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေး ပြတိုက်ကိုပါ ထည့်သွင်းထားရှိ  ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဤသင်တန်းကျောင်းသည် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု    လုပ်သားအင်အားကို တည်ဆောက်ရာတွင် အဓိကကျပြီး အထူးပြုလေ့ကျင့်မှုနှင့်  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပေးဆောင်မည်ဖြစ်ပါသည်။ ဤဌာနသည် ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်မှုတွင်   ကွာဟချက်ကို    ပေါင်းကူး ပေးမည်ဖြစ်ပြီး    ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည်   နောက်ဆုံးပေါ် အသိပညာနှင့် နည်းပညာများဖြင့် လေ့ကျင့်သင်ကြားနိုင်မည်ဖြစ်ပြီး  ရောဂါကာကွယ်ထိန်းချုပ်မှုကို တိုးတက်စေရုံသာမက မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အလုံးစုံ     တိုးတက်မှုကိုလည်း  အထောက်အကူပြုမည် ဖြစ်ပါသည်။

ဤဌာနသည် လက်ရှိနှင့် အနာဂတ်ကျန်းမာရေးဆိုင်ရာ  စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ပိုမိုခိုင်မာသော ပြည်သူ့ကျန်းမာရေး အခြေခံအဆောက်အဦကို ဖော်ဆောင်ပေးမည်ဖြစ်ပြီး  ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှုနှင့် ပညာရေးတို့ကို ဦးစားပေးသည့် ကျန်းမာရေးစောင့် ရှောက်မှုအတွက် အလေးပေးသော ချဉ်းကပ်မှုကို  ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ဤရင်းနှီးမြှုပ်နှံမှုသည်   မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဦးစားပေးပြီး ကျန်းမာသောအနာဂတ်အတွက် အခြေခံအုတ်မြစ်ချပေးမည် ဖြစ်ပါသည်။

အနှစ်ချုပ်အနေဖြင့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း(နေပြည်တော်) တည်ထောင်ခြင်းသည် နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးတိုးတက်မှုကို သိသာထင်ရှားစွာ မြှင့်တင်ပေးမည့် အထိမ်းအမှတ်သင်္ကေတ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။  ။

ဒေါက်တာသံလွင်ထွန်း

(ကျန်းမာရေးဝန်ကြီးဌာန)