၂၀၂၁ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဧပြီတတိယပတ်တွင် စတင်ကျင်းပရန် လျာထားပြီး မကြာမီပွဲစဉ်ဇယားများ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ် လိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။
လိဂ်-၁ အမှတ်ပေးပြိုင်ပွဲကို ဧပြီလမှ စက်တင်ဘာလအထိ ကျင်းပရန်စီစဉ်ထားပြီး COVID-19 ရောဂါအခြေအနေပေါ် မူတည်၍ ကျင်းပမည်ဖြစ်ကြောင်း လိဂ် ကော်မတီမှ ထုတ်ပြန်ထားသည်။ လိဂ်-၁ ပထမအကျော့ပွဲစဉ်များကို ဧပြီတတိယပတ်တွင် စတင်နိုင်ရန်လျာထားပြီး ကလပ်အသင်းတာဝန်ရှိ သူများနှင့် ညှိနှိုင်း၍ပွဲစဉ်ဇယားများ ထုတ်ပြန်ပေးမည်ဖြစ်သည်။ “လိဂ်-၁ ပြိုင်ပွဲကို ဧပြီတတိယပတ်မှာ ကျင်းပဖို့လျာထားတယ်။ COVID-19 ရောဂါအခြေအနေပေါ်မူတည်ပြီး ကျင်းပမှာပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရဖို့လည်း လိုအပ်ပါတယ်”ဟု ၎င်းင်းကပြောသည်။
၂၀၂၁ ဘောလုံးရာသီ လိဂ်-၁ ပြိုင်ပွဲ ၌ ရှမ်းယူနိုက်တက်၊ ဟံသာဝတီယူနိုက် တက်၊ ဧရာဝတီယူ နိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ စစ်ကိုင်း ယူနိုက်တက်၊ ရတနာပုံ၊ အား/ကာသိပ္ပံ၊ ချင်းလန်းနှင့် မြဝတီအသင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း လိဂ်ကော်မတီက အတည်ပြုဆုံးဖြတ်ထားသည်။ လိဂ်-၁ ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို ရန်ကုန်မြို့၌ သာ ကျင်းပရန်နှင့် ဒုတိယအကျော့ပွဲစဉ်များကို COVID-19 ရောဂါ အခြေအနေပေါ်မူတည်၍ အိမ်ကွင်း ၊အဝေးကွင်းစနစ်ဖြင့် ကျင်းပရန် လိဂ်ကော် မတီက ဆုံးဖြတ်ထားသည်။
ထို့အတူ လိဂ်-၂ ပြိုင်ပွဲကို မေလမှ သြဂုတ်လအထိ၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲကို ဇွန်လမှ စက်တင်ဘာလအထိ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ဧပြီလမှ ဇူလိုင်လ အထိ၊ လူငယ်လိဂ် (ယူ-၂၁) ပြိုင်ပွဲကို မေ လမှ နိုဝင်ဘာလအထိကျင်းပရန် လိဂ်ကော်မတီက လျာထားသတ်မှတ်ခဲ့သည်။ လိဂ်-၁ အမှတ်ပေး ဘောလုံးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂၀၂၀ ဘောလုံးရာသီအထိ ၁၂ နှစ်တိုင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။