ရန်ကုန်၊ ဘောလုံး
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲအတွက်အိမ်ရှင်နိုင်ငံကို ပြန်လည်သတ်မှတ်ရန် လျာထားကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။
၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ ပြိုင်ပွဲဝင် အသင်းပေါင်း ၃၅ သင်းကို အုပ်စုမဲခွဲ၍ ယှဉ်ပြိုင်ရန်လျာထားပြီး အဆင့်သတ်မှတ်ချက်အရ မြန်မာအမျိုးသမီး အသင်းသည် မဲအိုးနံပါတ်(၂)တွင် ပါဝင်လျက်ရှိသည်။
ပြိုင်ပွဲကို အုပ်စုအလိုက် အိမ်ရှင်တစ်နိုင်ငံစီသတ်မှတ်၍ ကျင်းပမည်ဖြစ်ပြီး COVID-19 ရောဂါ အခြေအနေ ပေါ်မူတည်၍ အိမ်ရှင်နိုင်ငံ ပြန်လည်သတ်မှတ်မည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထား သည်။
ယင်းပြိုင်ပွဲကို လာမည့်နှစ်မှစ၍ အာရှဖလား အမျိုးသမီးပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည်။ ယင်းအဆင့်တွင် ခြေစစ်ပွဲအောင်မြင်သည့်အသင်းများသည် ၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှဖလား အမျိုးသမီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် အာရှဖလားခြေစစ်ပွဲအပါအဝင် အာဆီယံအမျိုးသမီးပြိုင်ပွဲ၊ ဗီယက်နမ်ဆီးဂိမ်း တို့ကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုရဲ