မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးသန်းပိုင် ရန်ကုန်ယူနိုက်တက်အသင်းနှင့်လမ်းခွဲ

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၀ ပြည့်နှစ်  နှစ်ကုန်တွင်  စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့်    မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးသန်းပိုင်ကို စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ခြင်းမပြုလုပ်ဘဲ   လမ်းခွဲခဲ့ ကြောင်း အသင်းမီဒီယာတာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်းကပြောသည်။

အသက် ၂၄ နှစ်အရွယ် သန်းပိုင်သည် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းမှ ပေါ်ထွက်ခဲ့သည့် ကစားသမားဖြစ်ပြီး ၂၀၁၅ ခုနှစ်က  ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ကစား သမားဘဝစတင်ခဲ့သည်။

တိုက်စစ်မှူးသန်းပိုင်သည်    ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံဆုနှင့် ၂၀၁၈ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ဗိုလ်ချုပ် အောင်ဆန်းဒိုင်းချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။ ဒီနှစ်ကုန်မှာ စာချုပ်သက်တမ်းကုန်ခဲ့တဲ့   ပြည်တွင်း ကစားသမားတွေထဲကနေနည်းပြအဖွဲ့နဲ့   အသင်းတာဝန်ရှိသူတွေရွေးချယ်ထားတဲ့ ကစားသမား တချို့ ကိုပဲစာချုပ်သက်တမ်းတိုးဖို့ စီစဉ်ထားပါတယ်။

ကျန်ကစားသမားတွေကိုတော့ အသင်းနဲ့လမ်းခွဲလိုက်ပါပြီ။ ဒီထဲမှာ သန်းပိုင်ကိုလည်း စာချုပ် သက်တမ်းမတိုးဘဲ ထွက်ခွာခွင့်ပြုလိုက်ပါပြီ။ ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာတော့ ကစား သမားနဲ့ပဲ သက်ဆိုင်ပါမယ်။ သန်းပိုင်အပြင် စာချုပ်သက်တမ်းကုန်ခဲ့တဲ့ သိန်းသန်းဝင်း၊ ဝေလင်းအောင်၊ ကျော်စွာလင်းနဲ့ ထူးခန့်လွင်တို့ကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ပါပြီဟု ဒေါ်သိမ့်သိမ့်ထွန်း ကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၀ပြည့်နှစ်  အောက်တိုဘာလတွင်  စာချုပ်သက်တမ်းကုန်ဆုံး ခဲ့သည့် အသင်းခေါင်းဆောင် ဂိုးသမားကျော်ဇင်ထက်နှင့် ဝါရင့်ကွင်းလယ်ကစားသမား ကြည်လင်း၊  ပြီးခဲ့သည့်နှစ်ကုန်က စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့်   ငြိမ်းချမ်းအောင်နှင့်  အီစိုးတို့ကို တစ်နှစ်စီ သက်တမ်းတိုးခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက ဘရာဇီးကွင်းလယ်ကစားသမား အီမာဆင်၊ ဧရာဝတီယူနိုက်တက်အသင်း   တိုက်စစ်မှူးဝင်းနိုင်ထွန်း၊    နောက်ခံကစားသမား ဇော်ဝင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်း နောက်ခံ ကစားသမား ကျော်ဇင်ဖြိုးတို့ကို ခေါ်ယူအားဖြည့်ထားကြောင်း သိရသည်။