မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးကျင်းပပြုလုပ်
နေပြည်တော်၊ ဇွန်လ ၁ ရက်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးကို ယနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မြန်မာနိုင်ငံ၊ မောင်တောမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေး သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှု ဌာနချုပ် (ကော့စ်ဘဇ္ဇား) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များအနီး အဆောက် အဦ ဆောက်လုပ်မှုများဖျက်သိမ်းရေး၊ နယ်စပ်ဒေသအတွင်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ လှုပ်ရှားနေမှု သတင်းများနှင့်စပ်လျဉ်း၍ အပြန်အလှန်သတင်းဖလှယ် ပေးရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်များအတွင်းနှင့် နယ်စပ်တစ်လျှောက် နတ်မြစ်အား ဖြတ်ကျော် သွားလာလှုပ်ရှား၍ နယ်စပ်ဖြတ်ကျော်မှုခင်းများကျူးလွန်မှုများနှင့်ပတ်သက်၍ မြေပြင်သတင်းစုံစမ်း ဖော်ထုတ်ရေးနှင့် တားဆီးနှိမ်နင်းရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ခြံစည်းရိုး အား တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများအား ထိရောက်စွာတားဆီးပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များအကြား ပူးတွဲကင်းလှည့်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ သတင်း အချက်အလက်ဖလှယ်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (မောင်တော-တက္ကနာ့ဖ်) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်လေးစားမှုတို့ ပိုမို ဖြစ်ထွန်းနိုင်ရေးအတွက် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ ယဉ်ကျေးမှုဖလှယ်မည့်ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ ပြုလုပ်နိုင်ရေး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးကြသည်။
ယင်းနောက် နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့ကိုယ်စားလှယ်များအကြား လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား ကွပ်ကဲရေးမှူး အဆင့် အစည်းအဝေးသည် ညနေပိုင်းတွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။