မြန်မာ MMA ကစားသမားအောင်လအန်ဆန် ONE Championship နှင့်လမ်းခွဲပြီးနောက် တခြား အဖွဲ့အစည်းများ၏ ပွဲစဉ်များတွင်သာ တွေ့မြင်ရဖွယ်ရှိနေ

 

မြန်မာ MMA ကစားသမားအောင်လအန်ဆန် ONE Championship နှင့်လမ်းခွဲပြီးနောက် တခြား အဖွဲ့အစည်းများ၏ ပွဲစဉ်များတွင်သာ တွေ့မြင်ရဖွယ်ရှိနေ

မြန်မာ  MMA  ကစားသမားတစ်ဦးဖြစ်သည့် အောင်လအန်ဆန်အနေဖြင့် ONE Championship အဖွဲ့အစည်းနှင့်       စာချုပ်သက်တမ်းကုန်ဆုံးကာ လမ်းခွဲပြီးနောက်   အောင်လအန်ဆန်ကို    ONE  Championship  ၏ MMA ပွဲစဉ်များတွင် တွေ့မြင်ရမည်မဟုတ်ဘဲ တခြားအဖွဲ့အစည်းများ၏ ပွဲစဉ်များတွင်သာ တွေ့မြင်ရဖွယ်ရှိနေကြောင်း သိရသည်။

ONE  Championship  သည် စင်ကာပူနိုင်ငံ၌ အခြေစိုက်ပြီး  အစောပိုင်းနှစ်များက  အာဆီယံနှင့် အာရှဒေသတွင်းနိုင်ငံများတွင် MMA ပြိုင်ပွဲများ ကျင်းပသည့် အဖွဲ့အစည်းဖြစ်ကာ   နောက်ပိုင်းတွင် တခြားထိပ်တန်းနိုင်ငံများသို့ သွားရောက်ပြီး MMA ပြိုင်ပွဲများကျင်းပနေသည့် အဖွဲ့အစည်းဖြစ်သည်။

အောင်လအန်ဆန်သည် ၎င်း၏ MMA ကစားသမား ဘဝကို  Burmese Python အမည်ဖြင့် ONE  Championship  က ကြီးမှူးသည့် MMA   ပြိုင်ပွဲများနှင့်စတင်ခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်က ဝယ်လ်တာဝိတ်တန်း တွင် စတင်ယှဉ်ပြိုင်သော်လည်း အစောပိုင်းနှစ်များက   လူသိနည်းပါးခဲ့ကာ  နောက်ပိုင်းနှစ်များမှ မြန်မာ ပရိသတ်များ၏ အားပေးမှုရရှိလာခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ONE  Championship  နှင့် နှစ်ရှည်လက်တွဲခဲ့ပြီး ပွဲပေါင်း ၄၃ ပွဲယှဉ်ပြိုင်ခဲ့ရာ ပွဲပေါင်း ၃၀ အထိနိုင်ပွဲရယူနိုင်ပြီး ၁၃ ပွဲရှုံးနိမ့်ကာ နောက်ပိုင်းနှစ်များတွင် ၎င်း၏ယှဉ်ပြိုင်ပုံနှင့် နိုင်ပွဲဆက်ခဲ့မှုများကြောင့် ပရိသတ်အားပေးမှု အများအပြားရယူနိုင်ခဲ့သူဖြစ်သည်။

အောင်လအန်ဆန်သည်  နောက်ပိုင်းနှစ်များတွင် နိုင်ပွဲများဆက်တိုက်ရရှိခဲ့ပြီးနောက် ONE  Championship  ၏ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်နှင့် MMA  လိုက်ဖ်ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ်နှစ်ခုကို ပိုင်ဆိုင်ခဲ့ကာ ONE  Championship  ၏ MMA ပြိုင်ပွဲများ၌ ဝိတ်တန်းနှစ်ခုချန်ပီယံများထဲတွင် တစ်ဦး အပါအဝင်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

နောက်ပိုင်းတွင် အောင်လအန်ဆန်သည် မစ်ဒယ် ဝိတ်တန်းချန်ပီယံခါးပတ်နှင့်  လိုက်ဖ်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်နှစ်ခုစလုံးကို    နယ်သာလန်ဖိုက်တာ ဒီရစ်ဒါထံလက်လွှတ်ခဲ့ရပြီးနောက်  ONE  Championship  ၏ MMA ပြိုင်ပွဲများတွင် ပွဲစဉ်နည်းပါးလာပြီး ယခင်ကဲ့သို့ မြန်မာနိုင်ငံ၌ MMA ပြိုင်ပွဲများကျင်းပနိုင်ခြင်းမရှိဘဲ ဈေးကွက်အခြေအနေ ပြန်လည် ကျဆင်းလာသကဲ့သို့   ၎င်း၏အသက်အရွယ်ကြောင့်လည်း ONE  Championship က အောင်လအန်ဆန်ကို သက်တမ်းတိုးစာချုပ်မချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တခြားအဖွဲ့အစည်းများနှင့် စာချုပ်ချုပ်ဆိုနိုင်ပါက လာမည့် ၂၀၂၄ ခုနှစ်တွင် အောင်လအန်ဆန်၏ပွဲစဉ်များကို ပြန်လည်တွေ့မြင် ရဖွယ်ရှိနေကြောင်း သိရသည်။                         

စည်သူအောင်