မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် အပြစ်မဲ့ အလုပ်သမား ၄၇ ဦးအား ဒေသဖွံ့ဖြိုးရေးကို မလိုလားသည့် KNDO အဖွဲ့က အဓမ္မဖမ်းဆီးခေါ်ဆောင်၊ ၂၅ ဦးအား ရက်ရက်စက်စက် အကြောင်းမဲ့ သတ်ဖြတ်

နေပြည်တော်၊ ဇွန် - ၁၃
    
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် နယ်မြေခံတပ်မှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့်  ဝေါလေမြို့၊ ကနဲလေးကျေးရွာအနီး ကနဲလေး- မော်ခီးသွားကားလမ်းပေါ်ရှိ အူးဟူ ချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အပြစ်မဲ့ အရပ်သား အလုပ်သမား ၄၇ ဦးအား မေ ၃၁ ရက်တွင် KNDO အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ စောပါဝါး ဦးစီးသည့်အဖွဲ့က အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ပြီး အချို့အား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
    
ဖြစ်စဉ်မှာ မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက်အခြေခံလိုအပ်ချက်ဖြစ် သော လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသော  ကနဲလေး-မော်ခီးသွားကားလမ်းပေါ်ရှိ အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် အပြစ်မဲ့အရပ်သား အလုပ်သမား အမျိုးသား ၃၁ ဦး၊ အမျိုး သမီး ၆ ဦး၊ ကလေးငယ် ၁၀ ဦး၊ စုစုပေါင်း ၄၇ ဦးတို့အား မေ ၃၁ ရက်တွင် KNDO အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ စောပါဝါး ဦးစီး အင်အား ၃၀ ဦးခန့်က သေနတ်များဖြင့် ခြိမ်းခြောက်၍ မြေသယ်ယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးခေါ် ဆောင်ခြင်းခံရသူများအား ပြန်လည်လွတ်မြောက်ရေးအတွက်  လုံခြုံရေးတပ်ဖွဲ့ဝင် များ က အပူတပြင်း လိုက်လံရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁ ရက်နှင့် ၉ ရက် တို့တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေးငယ် ၁၀ ဦး၊ စုစုပေါင်း ၂၂ ဦး တို့သည် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၆ ဦးမှာ လက်နက် ငယ်ဒဏ်ရာများ ရရှိနေသည့်အတွက် တပ်မတော်ဆေးတပ်ဖွဲ့ဝင် များကလိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျန်ရှိနေသူများအား အမြန်ဆုံး ပြန်လည်ရရှိရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၁ ရက် နေ့လယ်ပိုင်းတွင် အူးဟူချောင်းတံတား၏ အရှေ့မြောက်ဘက် မီတာ ၁၃၀၀ ခန့်အကွာသို့အရောက် မီးရှို့ခံထားရသည့် အလောင်း ၁ လောင်းတွေ့ရှိခဲ့သဖြင့် အနီး တစ်ဝိုက်အား ထပ်မံရှာဖွေရာ မြေစာပုံအတွင်း ရက်ရက်စက်စက် လက်ပြန်ကြိုးတုပ် လျက် သတ်ဖြတ်ခြင်း ခံထားရသည့် ပုပ်ပွသေဆုံးနေသော အလောင်း ၆ လောင်းအား လည်းကောင်း၊ ဇွန် ၁၂ ရက်တွင် ပုပ်ပွသေဆုံးနေသည့် အလောင်း ၁၈ လောင်းအား လည်းကောင်း အသီးသီး ရှာဖွေတွေ့ရှိခဲ့သည်။
    
အဆိုပါ အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံထားရသူများ၏ ရုပ်အလောင်းများအား တံတားဆောက်လုပ်ရေးမှ တာဝန်ရှိသူများက ၎င်းတို့၏ မှတ်ပုံတင်များဖြင့် တိုက်ဆိုင်စစ်ဆေး၍ သက်ဆိုင်ရာမိဘဆွေမျိုးများထံသို့ တရားဝင် အကြောင်းကြားခြင်း၊ အသိပေးခြင်းများ ဆောင်ရွက်ကာ သက်ဆိုင်ရာရဲစခန်း၌ သေမှု သေခင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    
ဒေသဖွံ့ဖြိုးရေးအတွက် လာရောက်လုပ်ကိုင်ကြသော အပြစ်မဲ့ပြည်သူ များအား အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခဲ့မှုသည် အသိဉာဏ်မဲ့သော ယုတ်မာရက်စက် သည့်၊ အဓိပ္ပါယ်မဲ့အကြမ်းဖက်မှုလုပ်ရပ်သက်သက်သာ ဖြစ်သဖြင့် အဆိုပါအကြမ်းဖက် အဖွဲ့အား တပ်မတော်စစ်ကြောင်းများက လိုက်လံရှာဖွေဖော်ထုတ် ချေမှုန်းနိုင်ရေး လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။