မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တပ်ဖွဲ့ပိုင်မော်တော်ယာဉ် တစ်စီးအား မသမာသူအကြမ်းဖက်သူ ၂ ဦးက အကြောင်းမဲ့မီးရှို့ဖျက်ဆီးထွက်ပြေး၊ ဆူပူဆန္ဒပြသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ အား အကြမ်းဖက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်
နေပြည်တော်၊ မတ် - ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဈေးတန်းရပ်ကွက်၊ ရုံးရှေ့လမ်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးရှေ့ ကားလမ်းပေါ်တွင် ရပ်တန့်ထားသော တပ်ဖွဲ့ပိုင် ၂ တန်ဖောယာဉ်အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 1 C/------ အနီးသို့ ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် မသမာသူအကြမ်းဖက်လူ ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ယာဉ်၏ခေါင်းခန်း အတွင်းသို့ မီးရှို့ထားသည့် ဓာတ်ဆီပုလင်းဖြင့် ပစ်ထည့်မီးရှို့ထွက်ပြေးသွားခဲ့သည်။
ထိုသို့ ဓာတ်ဆီပုလင်းပစ်ထည့်မီးရှို့မှုကြောင့် ယာဉ်၏ခေါင်းခန်းမီးလောင်ကျွမ်း ခဲ့မှုကို ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် ၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် မော်တော်ယာဉ်၏ ဦးခေါင်းပိုင်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းမှု ပြည့်ဝစွာ ရရှိစေရေးတို့အတွက် နေ့ညမပြတ်လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသော်လည်း ဆူပူဆန္ဒပြ သူများက အများပြည်သူအသုံးပြုသော လမ်းမများပေါ်၌ ကားတာယာများ စုပုံ၍ မီးရှို့ရန် ပြုလုပ်ထားခြင်း၊ မော်တော်ယာဉ်များ သွားလာ၍မရအောင် သုံးမြှောင့်သံဆူးများ၊ အတား အဆီးများပြုလုပ်၍ ပိတ်ဆို့ထားခြင်း၊ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် မော်တော်ယာဉ်များအား လေးဂွများ၊ ကုန်းသီးများ၊ တူးမီး သေနတ်များ အသုံးပြု၍ ပစ်ခတ် ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ယခုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တရားဥပဒေမဲ့ အကြမ်းဖက်ဆောင်ရွက်လာမှု အပေါ် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရန် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိအပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။