မြိတ်မြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တက္ကသိုလ်ရပ်ကွက်၊ မြရိပ်ညို(၁၂)လမ်းထောင့်၌ သတင်းအရ စောင့်ဆိုင်းနေစဉ် စပါးရွှေဝါလမ်းမကြီး မှ စိမ်းလဲ့သာယာလမ်းအတိုင်း မောင်းနှင်လာသည့် PCX အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ အမှတ်(၂၆)၊ သီရိ(၃)လမ်း၊ ဘုရားကိုင်ရပ်ကွက်၊ မြိတ်မြို့နေ သန့်ဇင်ဦး(ခ) နောင်ဗျော့(ဘ)ဦးဝင်းလှိုင် နေသူဖြစ်ပြီး ၎င်းဆိုင်ကယ်ရှေ့တွင် ချိတ်ဆွဲထားသည့် ပလပ်စတစ်အိတ် အတွင်းမှ WY စာတမ်းပါစိတ်ကြွဆေးပြား ၁၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၀၀ ခန့်)ကို လည်းကောင်း၊ မြိတ်မြို့၊ ကုန်းဖောက်ရပ်ကွက်၊ ငါးလေလံဈေးလမ်းမကြီးနေရာ၌ စောင့်ဆိုင်းနေစဉ် ညနေ ၃ နာရီခွဲခန့်တွင် မြိတ်မြို့၊ အဝေးပြေးကားဝင်းဘက်မှ ငါးလေလံဈေးဘက်သို့ မောင်းနှင်လာ သည့် CBR အမျိုးအစား(လိုင်စင်မဲ့)မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ပိတောက်ရွှေဝါလမ်း၊ ကုန်းဖောက်ရပ်ကွက်၊ မြိတ်တောင်ကျေးရွာနေ နေကိုလတ်(ခ)နေကို(ဘ)ဦးဝင်းအောင် ဆိုသူဖြစ်ပြီး ၎င်းဝတ်ဆင်ထားသည့် မိုးကာအင်္ကျီအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၉၈၂ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉ သိန်းခန့်)ကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများဖြစ်သည့် နေကိုလတ်နှင့် သန့်ဇင်ဦး တို့အား စုံစမ်းမေးမြန်းချက်များ အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြိတ်မြို့၊ ဘုရားကိုင်ရပ်ကွက်၊ ဘုရားကိုင်လမ်းကြီး၌ စောင့်ဆိုင်း နေစဉ် ညနေ ၄ နာရီခွဲခန့်တွင် ကန်ဘောင်ရိုးရပ်ကွက်ဘက်မှ မြိတ်တောင်အလယ်ပိုင်းရပ်ကွက်ဘက် သို့ YAMAHA အမျိုးအစား(လိုင်စင်မဲ့)မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ တိုက်ခန်းအမှတ် (၆)၊ သစ္စာမြိုင်လမ်း၊ အောင်သုခရပ်ကွက်၊ မြိတ်တောင်ကျေးရွာနေ ဇေယျာမိုးမြင့်(ခ)ကိုဇေ(ဘ) ဦးအောင်ဝင်း ဆိုသူဖြစ်ပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ရှေ့တွင် ချိတ်ဆွဲထားသည့် ပလပ်စတစ်အိတ် အတွင်းမှ WY စာတမ်းပါစိတ်ကြွဆေးပြား ၃၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၉၀၀ ခန့်)ကို လည်းကောင်း၊ ည ၆ နာရီခန့်တွင် မြိတ်မြို့၊ ကံကြီးရပ်ကွက်၊ ငါးဦးစီးဌာနရုံးလမ်းမပေါ်နေရာ၌ HONDA 125-I အမျိုးအစား(လိုင်စင်မဲ့)မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာနေ မိုးကျော်(ခ)သားကြီး(ဘ)ဦးမျိုးဆွေ ဆိုသူဖြစ်ပြီး ဆိုင်ကယ် Tool BoX အတွင်းမှ WY စာတမ်းပါစိတ်ကြွဆေးပြား ၂၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၆၀၀ ခန့်)ကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါထပ်မံဖမ်းဆီးရမိတရားခံ မိုးကျော်အား စုံစမ်းမေးမြန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ကလွင်ကျေးရွာ၊ ပုလဲဒီပါရပ်ကွက်နေရာ၌ စောင့်ဆိုင်းနေစဉ် ည ၇ နာရီခန့်တွင် အေးရိပ် ချောင်လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် HONDA 150-1 အမျိုးအစား(လိုင်စင်မဲ့)မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ အခန်းအမှတ်၊ A-1 ၊ ဘုံပျံကျောင်းလမ်း၊ ရေပုန်းရပ်ကွက်နေ ကျော်အောင်(ခ)ဆူလိုင်မာန်(ဘ)ဦးစိုးတင့် ဆိုသူဖြစ်ပြီး ၎င်းမောင်းနှင်လာသည့် ဆိုင်ကယ် Tool Box အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား ၁၈၅၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၅၀၀ ကျော် ခန့်)နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အမှတ်(၂၉)၊ စပါးရွှေဝါ လမ်း၊ ရေပုန်းရပ်ကွက်၊ မြိတ်မြို့နေ ထက်ကျော်အောင်(ဘ)ဦးဂင်ဟို ၏ နေအိမ်အား ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဝေရအောင်(ဘ)ဦးဂင်ဟို၊ ဇော်မျိုးထူး(ဘ) ဦးထိန်ဝင်းနှင့် သက်ခိုင်စိုး(ဘ)ဦးမြင့်သိန်း တို့အား နေအိမ်စတိုးခန်းအတွင်း WY စာတမ်းပါစိတ်ကြွ ဆေးပြား ၂၂ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၆ သောင်းကျော်)နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး မြိတ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။