မြိုင်မြို့နယ်၊ ကွမ်းတောကျေးရွာ၊ မင်္ဂလာသီရိဘုန်းကြီးကျောင်းမှ ဆရာတော် ဦးစန္ဒိမာနှင့် အမျိုးသားတစ်ဦးစီးနင်းလာသည့် မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့၍ ဆရာတော် ပျံလွန်တော်မူပြီး ယာဉ်မောင်းအမျိုးသား ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၈
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်းအေးချမ်း ရေးပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေရန် အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများအား လုပ်ဆောင်လျက်ရှိပြီး ဗုဒ္ဓဘာသာ ဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ ရဟန်းသံဃာများ၊ သီလရှင်များအား သတ်ဖြတ် ခြင်းနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများအား သတ်ဖြတ်ခြင်းတို့အား စိတ်နှလုံး ညှိုးနွမ်းဖွယ်ရာ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကွမ်းတောကျေးရွာရှိ “မင်္ဂလာသီရိ” ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးစန္ဒီမာ သက်တော် (၃၉)နှစ်၊ ဝါတော် (၁၉)ဝါ၊ (ခမည်းတော်) ဦးရွှေဝင်းသည် ကွမ်းတောကျေးရွာနေ ဦးဆယ်ဘော (၃၇)နှစ် (ဘ) ဦးသာဒင်မောင်းနှင်သည့်X-Trail အမျိုးအစား YGN 3J--- ခဲရောင်မော်တော်ယာဉ်ဖြင့် မြိုင်မြို့မှ ကျောင်းတိုက်သို့ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ နံနက် ၁၁ နာရီအချိန်ခန့်တွင် ငပဲ့ကျေးရွာနှင့် အလယ်ကန် ကျေးရွာကြား ပုသိမ်-မုံရွာကားလမ်းမကြီး မိုင်တိုင်အမှတ် ၄၀၆ မိုင်နှင့် ၄၀၆ မိုင် ၁ ဖာလုံအရောက်၌ လမ်း၏ ဝဲဘက်မှ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ယင်းသို့ ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် ယာဉ်၏ခေါင်းခန်းဘယ်ဘက်အခြမ်းတွင် စီးနင်းလိုက်ပါလာသည့် ဆရာတော် ဦးစန္ဒီမာ၏ ဦးခေါင်း၊ နဖူး၊ ဘယ်ဘက်မျက်လုံးနှင့် ဝဲ၊ယာခြေထောက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာ များနှင့် ယာဉ်မောင်း ဦးဆယ်ဘော၏ နဖူးနှင့် ယာပုခုံးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး မော်တော်ယာဉ်၏ အင်ဂျင်နှင့် ဘီး ၄ ဘီးတို့ကွဲကာ ရှေ့နောက် လေကာမှန်များ ကွဲအက်၍ ယာဉ်၏ကိုယ်ထည် ဝဲဘက်အခြမ်း၌ မိုင်းစများ ထိမှန်ပျက်စီးခဲ့သည်။
အဆိုပါပေါက်ကွဲမှုဖြစ်သည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာတော် ဦးစန္ဒီမာနှင့် ဦးဆယ်ဘောတို့အား ဆေးကုသမှုခံယူနိုင်ရေး ပခုက္ကူမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးဆေးကုသမှုပေးနေစဉ် ဆရာတော် ဦးစန္ဒီမာမှာ ညနေ ၃ နာရီအချိန်တွင် အခင်းဖြစ်စဉ်က ရရှိထားသော ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့သည်။
ထိုကဲ့သို့ ခရီးသွားလာနေသည့် ဆရာတော်၊ သံဃာတော်များအား ထိခိုက်သေကြေစေရန် မိုင်းဆွဲတိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။