နေပြည်တော်၊ ဧပြီ၃၀
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီး လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ၂၉ ရက်နှင့် ယနေ့တို့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြင်သာကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် အဆိုပါ ကျေးရွာ၏ အရှေ့ဖက်ကမ်းရှိ လူမနေသည့် တဲအတွင်းမှ ဆူပူအကြမ်းဖက်မှု ပြုလုပ်ရာတွင် အသုံးပြုသည့် တူမီးသေနတ် ၃ လက်နှင့် PSI စလောင်း ၁ ခုအား လည်းကောင်း၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ The Chinland Post ဂျာနယ်အယ်ဒီတာဖြစ်သူ ဆလိုင်းဘွေအုပ်ထန်၏ နေအိမ်၌ ဆူပူအကြမ်း ဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဘူတာရုံအနီး၌ လက်လုပ်သေနတ် ၂ လက်အား လည်းကောင်း၊ မကွေးမြို့၊ အဝေရာလမ်းနှင့် တောင်တွင်းလမ်းထောင့်ရှိ သစ်ပင်ခွကြား၌ ဒေသန္တရချိန်ကိုက်မိုင်း ၁ လုံး တို့အား လည်းကောင်း တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ်(၁၅၇)ဒုတိယထပ် ဆောက်လုပ်ဆဲ တိုက်အတွင်း၌ ဆူပူအကြမ်းဖက် ဆန္ဒပြရာတွင် အသုံးပြုသည့် ပစ္စည်းများ တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ စောရန်ပိုင် အရှေ့ရပ်ကွက်၊ အေလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းကြား၌ ဒိုင်းမျိုးစုံ ၅၀ ချပ်အာ းလည်းကောင်း၊ အဆိုပါ ဆောက်လုပ်ဆဲတိုက်အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၈ လုံး၊ နို့ဆီဗူးခွံဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၊ ကန့်မှုန့် ၁ ထုပ်၊ ဓာတ်ဆီ ရေသန့်ဗူး ၁ ဗူး၊ သံဆူးချွန် ၃၀ ခု၊ ဖိုက်ဘာဦးထုပ် ၂၀ လုံး၊ ဓာတ်ငွေ့ကာ ၁၀ ခု၊ ဒိုင်းမျိုးစုံ ၁၂ ချပ်နှင့် နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ဗီနိုင်း/ ဆိုင်းဘုတ် ၁၂ ခုတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
အလားတူ ညနေ ၄ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံရပ်ကြီးရပ်ကွက်ရှိ အဝေရာမီးပုံပျံကွင်း၌ လက်နက်အရောင်းအဝယ် ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ကံသာယာရပ်ကွက်နေ အောင်ထွန်း(ခ)နေနေ(၂၂)နှစ်(ဘ)ဦးလှိုင်ဦးအား တွေ့ရှိပြီး ၎င်းကိုင်ဆောင်ထားသော အစိမ်းရောင် ပြောက်ကျားအိတ်အတွင်းမှ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ၎င်းကျည် ၂၀ တောင့်၊ Scope ၂ ခုနှင့် WY စိတ်ကြွဆေးပြား ၂ ပြားတို့အား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၎င်း၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းမှ Rifle Scope ၁ ခု၊ အသံတိတ်ပြောင်း ၁ ခုတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်း ထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။