မြို့နယ်အချို့၌ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ

နေပြည်တော်၊ မေ - ၁၆

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။

ထို့သို့အပ်နှံရာတွင် မေလ ၁၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဇရပ်စမ်း ကျေးရွာမှ ပြည်သူတစ်ဦးမှ လက်လုပ်လေသေနတ် ၁ လက်အားလည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ ခမောက်ကြီးမြို့အမှတ်(၄)ရပ်ကွက်နှင့် ကျေးရွာများမှ လက်လုပ်လေသေနတ် ၁၃ လက်၊ လက်လုပ်တူမီးသေနတ် ၇ လက်၊ လက်လုပ်ဂက်စ်သေနတ် ၃ လက်၊ တူမီးသေနတ်ပြောင်း ၄ ချောင်းနှင့် ပြောင်းတိုက်တံ ၃ ချောင်းတို့အား လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ တူမီးသေနတ် ၁၄၅ လက်၊ လက်လုပ်လေ သေနတ် ၉ လက်တို့အားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်နှင့် တူမီးသေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။