မြို့နယ်အချို့၌ပြည်သူလူထုမှ လက်လုပ်သေနတ်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ မေ - ၆

    တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံလျက်ရှိကြောင်း သိရှိရသည်။

    ထို့သို့အပ်နှံရာတွင်    မေလ ၅ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် ထန်းပင်ကုန်း ကျေးရွာရှိ ပြည်သူလူထုမှ လက်လုပ်သေနတ် ၁ လက်၊ သစ်သားဒူးလေး ၁၀ လက်၊  မြှားတံ ၁၂ ချောင်းနှင့် သံဘောစေ့ ၅၀ လုံးတို့အား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ရှိ မံလွဲကျေးရွာနှင့် ကကာကျေးရွာတို့မှ လက်လုပ်သေနတ် ၂၂ လက်တို့အား လည်းကောင်း အုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက်အပ်နှံခဲ့ပါသည်။   

    ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်း မရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်များနှင့် ဒူးလေးများအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်း ထားရှိကြောင်း သတင်း ရရှိပါသည်။