မြို့နယ်အချို့၌ ဆူပူဆန္ဒပြမှုနှင့် အကြမ်းဖက်ရန်ပြု တိုက်ခိုက်မှုများအား ဖြိုခွဲထိန်းသိမ်းရာမှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၄ ဦးတို့အား အကြမ်းဖက်မှုများတွင် အသုံးပြုမည့်လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် အတူ ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၁

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့တို့တွင်  ဆူပူအကြမ်းဖက်သူများ အနေဖြင့် အများပြည်သူသွား လမ်းမကြီးများအား အတားအဆီးများဖြင့် အသုံးပြု၍ မရအောင်ပိတ်ဆို့တားဆီးခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်လုပ်သေနတ်၊ လက်လုပ်မိုင်း၊ လေးခွ၊  ဂျင်ကလိ၊  မီးပုလင်းများဖြင့် ထိပ်တိုက်ရင်ဆိုင်ကာ အကြမ်းဖက် ရန်ပြုတိုက်ခိုက်မှုများအား ဧပြီလ ၁ ရက်နေ့တွင် လည်း ဆက်လက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ထိုသို့ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက် ရန်ပြုတိုက်ခိုက်မှုများအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဥပဒေနှင့်အညီ ဖြေလျှော့ခြင်း၊ အင်အားသုံး လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အချို့တို့တွင် ဆူပူဆန္ဒပြသူ အချို့အား ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကမာရွတ်မြို့နယ်တွင် အမျိုးသား ၁ ဦး၊  အင်းစိန်မြို့နယ်တွင် အမျိုးသမီး ၂ ဦး၊ လှိုင်သာယာအရှေ့ပိုင်း မြို့နယ်တွင် အမျိုးသား ၂ ဦး၊မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်တွင် အမျိုးသား ၄ ဦး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင်   အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင်   အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့်   ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင်    အမျိုးသား ၁ ဦး၊ စုစုပေါင်း အမျိုးသား၁၃ ဦး၊  အမျိုးသမီး ၄ ဦးတို့အား   ဖမ်းဆီးထိန်းသိမ်း ခဲ့ရပါသည်။

အထက်ပါဖြစ်စဉ်များအတွင်း ဆူပူဆန္ဒပြမှုနှင့် အကြမ်းဖက်ရန်ပြု တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည့် လေသေနတ် ၁ လက်၊ ကော်ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်လေသေနတ် ၄ လက်၊ လက်လုပ်ဗုံး၂ လုံး၊ မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်း ၈၈ လုံး၊ မီးခိုးဗုံး ၁ လုံး၊ ဓာတ်ဆီနှင့် အင်ဂျင်ဝိုင်ရောထားသည့် လက်လုပ်ဗုံး ၂ လုံး၊ ယမ်းနှင့် ကန့်ရောစပ်ထားသည့် အထုပ် ၁ ထုပ်၊ ဂျင်ကလိ ၂၅ ချောင်း၊ လေးခွ ၅ လက်၊ ဓား ၃ ချောင်း၊ စကေဘာ၁ ချောင်း၊ ဖိုက်ဘာဦးထုပ် ၂ လုံး၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး ၉ ခု၊ ပက်တီးလိပ် ၁၈ လိပ်၊ တာယာကွင်း ၁၇ ကွင်း၊ ဆိုင်ကယ် ၁ စီး၊ စက်ဘီး ၅ စီးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ကြောင်း    သတင်းရရှိသည်။