မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင်အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်  မေ  ၁၂

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မေလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာနေ စိုးမင်းကျော်  (၃၆)နှစ် (ဘ) ဦးစောမောင်နေအိမ်အား   သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ လက်လုပ်တူမီးသေနတ် ၂ လက် နှင့်လည်းကောင်း၊ မွန်းလွဲ ၃ နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ဟိုနားရပ်ကွက်နေ ဟိန်းအောင်ဆက်(၂၀)နှစ်နှင့် ဈေးရပ်ကွက်နေ ရဲသုဝေလင်း(ခ)ရာသာဝေလု (၁၈)နှစ်တို့ ၂ ဦးအား   ဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့၏ပြောကြားချက်အရ ဟိုနားရပ်ကွက်၊ အမှတ်(ဟ-၁၇/၅၄၅)ရှိ ဆရာစော၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ မီးဖိုချောင်မျက်နှာကြက်ပေါ်မှ M-22 သေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခုနှင့် သံဗီရိုအတွင်းမှ ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့်ထည့်ထားသည့် ကြိုးဆွဲ လက်ပစ်ဗုံး ၄ လုံးအားလည်းကောင်း၊ ခြံဝင်းအတွင်းရှိ အိမ်သာအနီးမှ M-22 သေနတ် ၃ လက်၊ ၎င်းကျည်အိမ်  ၃ ခု၊ ၇.၆၂ ကျည် ၃၁၅ တောင့်အားလည်းကောင်း၊ အိမ်သာကျင်းဟောင်းအတွင်းမှ အဝါရောင်ပီနံအိတ်ဖြင့် ထည့် ထားသော ကြိုးဆွဲ လက်ပစ်ဗုံး ၁၂ လုံးတို့အားလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ ယုနန်သလင်းအခြေခံ ပညာ အထက်တန်းကျောင်းရှေ့၌ မျိုးမင်းပိုင် (ခ)ငမျိုး(ဘ)ဦးဝင်းတင်၊ ငြိမ်းချမ်း(ဘ)ဦးထွန်းမြင့်တို့အား ဆူပူ အကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်း(၉၂၀)ရပ်ကွက်၊ မÍ္ဇူသက္က(၁၄)လမ်း၊ အမှတ်(ဒ/၄၇၀)၌ မြတ်ထူး(ခ)ကိုဇွဲ (ဘ)ဦးဝင်းတင်၊ တေဇာဟိန်း(ခ)ခန့်ညား(ဘ)ဦးမျိုးချစ်၊ အေးချမ်းမင်း(ဘ)ဦးသန်းဇော်နှင့် မင်းသူရထွန်း(ဘ) ဦးအေးဇော်ထွန်းတို့အား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ည ၁၁ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ရှိ (၃)ရပ်ကွက်၊  ဒေါနတောင်လမ်း ဘောလုံးကွင်းအနီး၌ အိမ်မဲမြို့နယ်၊ တာကောကျေးရွာနေ ကျော်ဇင်လတ်(၃၆)နှစ် (ဘ)ဦးအုန်းညွန့် မောင်းနှင်ပြီး အိမ်မဲမြို့၊ အထက်ပိုင်း (၁၁)လမ်းနေ တင်ကိုကို(၁၉)နှစ် (ဘ)ဦးသန်းထွေး လိုက်ပါစီးနင်း လာသော ဆိုင်ကယ်အား စစ်ဆေးရန်တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ငွေရောင်ပစ္စတိုသေနတ် ၁ လက်နှင့် ၉ မမကျည် ၁၂ တောင့်တို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အထက်ပါ ဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက် သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိသည်။                          

 ရဲပြန်ကြား