နေပြည်တော်၊ မေ ၂၆
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက် သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက် ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးစံငြိမ်းပိုင်ဆိုင်သည့် ကြက်ခြံအဟောင်းအား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကြက်ခြံအဟောင်း၌ ပဲခူးမြို့၊ နန်းတော်ရာ ရပ်ကွက်နေ ဘိုဘိုမင်း (၃၅)နှစ် (ဘ) ဦးသောင်းအေး၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိဂေဟာ လမ်းနေ မလဲ့ယဉ်မြင့် (၂၆)နှစ် (သူနာပြု) (ဘ) ဦးကံမြင့်နှင့် မထက်ထက်ဝေ (၁၉)နှစ် (သူနာပြု သင်တန်း ဒုတိယနှစ်)တို့ ၃ ဦးအား လက်လုပ်မိုင်း ၁၂ လုံး၊ ဓား ၄ ချောင်း၊ ဒေါက်ဖြင့် ဆင်ထားသော လက်လုပ်မီးရှို့ဒုံး ၂ ခု၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဆိုင်ကယ် ၅ စီး၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် အခြားဆက်စပ်ပစ္စည်း များအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါကြက်ခြံပိုင်ရှင်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
အလားတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်လှာကျေးရွာရှိ ရန်ကင်းတောင်ဘုန်းကြီးကျောင်းအား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဘုန်းကြီးကျောင်း ဝင်းအတွင်းရှိ ဓမ္မာရုံနှင့် သိမ်အတွင်းမှ ချောင်းဆုံမြို့၊ အမှတ်(၁)ရပ်ကွက်နေ မင်းကိုကိုလတ် (၂၀)နှစ် (ဘ) ဦးရဲမြတ်ဆွေနှင့် တော်ကပူး ကျေးရွာနေ ဇော်မင်းဦး (ခ)တက်ပု (၄၀)နှစ်တို့ ၂ ဦးနှင့်အတူ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ည ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အိမ်အမှတ်(မ/၇၀၇)အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ စန်းနိုင်ထွေး(၃၅)နှစ်၊ (ဘ)ဦးအောင်စိန်ပါ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား လက်ပစ်ဗုံး ၂ လုံး၊ ကီးပတ်ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် ချိန်ကိုက်လက်လုပ်မိုင်း ၁ လုံး၊ ဓာတ်ဗူးဖြင့် ပြုလုပ်ထားသည့် ချိန်ကိုက်လက်လုပ်မိုင်း ၁ လုံး၊ ပွိုင့် ၂၂ ကျည် ၂၇ တောင့်၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အလားတူ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၉) ရပ်ကွက်၊ အမှတ်(၁၉၉)နေ ရဲကျော်၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ လေသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ည ၁၁ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းမကြီးဘေးရှိ “ရွှေယုန်သူ”စားသောက်ဆိုင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ဆိုင်ရှင်ဖြစ်သူ အောင်ကိုလင်းနှင့်အတူ နေအိမ်အတွင်းမှ လက်လုပ်သေနတ် ၁ လက်၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သိရသည်။
အလားတူ မေလ ၂၆ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်နေ နေမင်းအောင်(ခ)မင်းသားကြီး(၅၀)နှစ်၊ (ဘ)ဦးအောင်ခ၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ နေမင်းအောင်(ခ) မင်းသားကြီးပါ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား တွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည် ၁၉ တောင့်၊ သေနတ်ထည့်သည့်အိတ် ၂ လုံး၊ အသံတိတ်ပြောင်း ၁ ခု၊ ကီးပိတ်ဖုန်း ၇ လုံး၊ လက်ကိုင်ဖုန်း ၉ လုံးနှင့် နေအိမ်ခြံဝန်းအတွင်းမှ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များသိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။