နေပြည်တော်၊ မေ ၁၁
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ မင်းကွက်(၂)ရပ်ကွက်ရှိ ဖြူစင်အလင်းရောင် ပညာဒါန ဘုန်းကြီးကျောင်း၌ ဆူပူအကြမ်းဖက်သူများ ခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းထိုင်ဆရာတော် ဉူးဩဘာသ(၄၉)နှစ်(၁၄) ဝါ (ဘ)ဦးစောမောင်အား အကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ တောင်ကြီး-ကျိုင်းတုံကားလမ်း ဝင်းဘိုကျေးရွာ(လမ်းခွဲ)အနီး၌ (၈)မိုင်တံတားဖြူကျေးရွာနေ ရာဇာ (၂၈)နှစ် (ဘ)ဦးဝေဆာ မောင်းနှင်ပြီး ပန်ကျင်ကျေးရွာနေ လီမြှာ(ခ)လီဆွေ(၂၅)နှစ် (ဘ)ဦးအာယေး ပါအမျိုးသား ၃ ဦးလိုက်ပါလာသည့် YGN 4L/1717 Honda Insigh ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နောက်ဖုံးအတွင်းမှ ယမ်းတောင့် ၃၉၆ တောင့်အား လည်းကောင်း၊ ယာဉ်မောင်း ရာဇာ၏ နေအိမ်မှ ယမ်းတောင့် ၂၅၈ တောင့်တို့အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အလားတူ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နာမြို့နယ်၊ ရွာသာကုန်းကျေးရွာ၏ အရှေ့တောင်ဘက်ရှိ လှည်းလမ်းဘေး ချုံအတွင်း၌ အရှည် ၄ ပေခန့် လက်လုပ်သေနတ် ၃ လက် အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အလားတူ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပ မြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (ဋ)ရပ်ကွက်၊ ဂရုဏာ(၃)လမ်းနေ ဦးကျော်လွင် ပိုင်ဆိုင်သည့် (၁၈)ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ “အောင်မင်းဟိန်း” စက္ကူစက်ရုံအဟောင်းအား သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါစက်ရုံအဟောင်းအတွင်းမှ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကိုလည်းကောင်း၊ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ (၂)ရပ်ကွက်၊ နီပါတန်းရပ်နေ အောင်အောင်ဦး (၃၀)နှစ် (ဘ) ဦးသိန်းနိုင်၏ နေအိမ်၌အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကိုလည်းကောင်း၊ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင် ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ကမ်ရိပ်သာလမ်း၊ ပုဂံလုံးကျွန်းရှေ့၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၈၈)ရပ်ကွက်နေ စိုးပိုင်(၃၈)နှစ် (ဘ)ဦးတင်ဝင်း မောင်းနှင်ပြီး သာကေတမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ရန်ပြေ (၆)လမ်းနေ ဒေါ်အောင်သိန်းသန်းဌေး(၅၂)နှစ် (ဘ)ဦးဖေသန်း စီးနင်းလိုက်ပါ လာသည့် YGN 7J/4852 PROBOX ယာဉ်၏နောက်ဖုံးအတွင်းမှ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကိုလည်းကောင်း၊ ဆက်လက်၍ ဒေါ်အောင်သိန်းသန်းဌေး နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်၌ ၎င်း၏သမီးဖြစ်သူ မရွှန်းလဲ့ရည် (၂၄)နှစ်(ဘ)ဦးဆန်းမင်းအား တွေ့ရှိရပြီး နေအိမ်အတွင်းမှ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
အလားတူ မေလ ၁၁ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒရပ်ကွက်၊ ၁၁၅ လမ်း၊ ၅၅ လမ်းနှင့် ၅၅(A)လမ်းကြားရှိ “အောင်ချမ်းသာ”ဘီယာဆိုင်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်းမှ ကျော်လှပါ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးတို့အား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ပိတ်စ ၁၀၀ ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါရပ်ကွက်ရှိ ထက်အောင်မျိုး(ဘ)ဦးခင်မောင်ထွေး နေထိုင်သည့် အိမ်အမှတ် (၂၀-က)အား ဆက်လက်ဝင်ရောက် ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ လက်လုပ်သေနတ် ၁ လက်နှင့်တူ ထိန်းသိမ်းရမိခဲ့သည်။
အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကျောင်းအိုး ရပ်ကွက်နေ ရန်အောင်ဗလ(ခ)နောင်နောင်(၃၃)နှစ်(ဘ)ဦးထိန်ဝင်း၏ နေအိမ်အတွင်းမှ ဆူပူအကြမ်း ဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ တွေ့ရှိထိန်းသိမ်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။