မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

 
နေပြည်တော်၊ မေ ၁၄

 
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိရေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရပ်ရွာအေးချမ်းသာယာရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် အဆိုပါကျေးရွာနေ ဇော်ထက် (၃၃)နှစ် (ဘ) ဦးစံမြင့်ပါ အမျိုးသား ၃ ဦးအား လက်လုပ်မိုင်း ၁ လုံးစီနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ ညနေ ၄ နာရီအချိန်တွင် ကျေးရွာ၏ မြောက်ဘက် ရေဝန်းဘုန်းကြီး ကျောင်းဝင်းအတွင်းမှ တူမီးသေနတ် ၆ လက်၊ လက်လုပ်သေနတ် ၄ လက်၊ Icon စကားပြောစက် ၃ လုံး၊ ကျွဲရိုင်းသံဗူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊ ချိန်ကိုက်မိုင်း ၂ လုံး အပါအဝင် အကြမ်းဖက်မှုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်များအား လည်းကောင်း၊ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်နေ ဇာနည်ဝင်း(ခ)ဇာနည် (၂၀)နှစ် (ဘ)ဦးအောင်ထွဋ်၏ အိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊ ည ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကံကွေ့ ကျေးရွာနေ မိုးဟိန်းထက် (၃၅)နှစ် (ဘ)ဦးဝင်းရှိန်၏ နေအိမ်အတွင်းမှ ၎င်းအား လက်လုပ်လေသေနတ် ၁ လက် တို့အားလည်ကောင်း၊ ည ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းသွယ်(၁)နေ စည်သူအောင် (၃၃)နှစ် (ဘ) ဦးကိုကြီးနှင့် ဇော်မျိုးထက် (၂၇)နှစ် (ဘ) ဦးကျင်အုန်းတို့ ၂ ဦးတို့အား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်းအသီးသီးတွေ့ရှိဖမ်းဆီး ထိန်းသိမ်းရမိခဲ့ကြောင်း သိရသည်။

 
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။