မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၅

    လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မိုးကြိုးကျေးရွာနေ မွတ္တား(ခ)မျိုးဆင့ ်(၅၀)နှစ်(ဘ) ဦးလှမောင်၏ နေအိမ်အတွင်းမှ လက်လုပ်သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နတ်လူထိတ်ပန်ရပ်ကွက်ရှိ နေအိမ်ခြံဝင်းအလွတ် ၁ ခုအတွင်းမှ တူမီးသေနတ် ၇ လက်နှင့် ဖိုက်ဘာဦးထုပ် ၂၈ လုံးတို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

    အလားတူ မေလ ၁၄ ရက်နေ့ ည ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ (က+ခ)ရပ်ကွက်နေ ဒေါ်ဝင်း(၄၀)နှစ်(ဘ)ဦးကျော်နု၏ နေအိမ်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေရာ နေအိမ်၌ ဒေါ်ဝင်းအား မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဓားရှည်မျိုးစုံ ၄ ချောင်း၊ ဓားတိုမျိုးစုံ ၄ ချောင်းနှင့် အကြမ်းဖက်မှုတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

     အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်း ထားရှိသူများအား ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။