မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၆
    
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက်ဖော်ထုတ်သိမ်းဆည်းလျက်ရှိသည်။
    
ထိုသို့ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းလျက်ရှိရာ  မေလ ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကံသာယာ(တ)ကျေးရွာနေ ရန်အောင်(ဘ) ဦးဝင်းမောင်၏ နေအိမ်မှ မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်း ၉ လုံး၊ ဂျင်ကလိ ၅ ချောင်း၊ ဖဲထီးသံချောင်းဖြင့်ပြုလုပ်ထားသည့် မြားတံ ၁၀ ချောင်း၊ ဝါးမြားတံ ၂၀ ချောင်း၊ သံပိုက် ၁၀ ချောင်း၊ သံချောင်း ၁၀ ချောင်း၊ စက်ဘီးဘောစေ့ ၁၀၀ လုံး၊ ခဲသီး ၅ လုံး၊ ခဲသီးပြုလုပ်ရာတွင် အသုံးပြုသည့် ပုံစံခွက် ၁ ခု၊ ခဲချောင်း ၃၀ ချောင်း၊ လေးခွ ၁ လက်၊ ဓားမ ၁ ချောင်း၊ ဟန်းစပီကာ ၁ ခုနှင့် အခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ညနေ ၄ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ မြို့မမြောက်ရပ်ကွက်၊ သဘာဝရိပ်သာသီလရှင်ကျောင်းဝင်း အတွင်းရှိ အဆောက်အဦ တစ်လုံးအတွင်းမှ ရုံးဆိပ်ကျွန်းကျေးရွာနေ ထွန်းလင်းသူ (၃၀)နှစ်ပါ အမျိုးသား ၅ ဦးအား သံပိုက်ဖြင့်ပြင်ဆင်ထားသည့် စနက်တံမပါ လက်လုပ်ဗုံး ၄၀ လုံး၊ သံပိုက်ဖြင့်ပြုလုပ်ထားသည့် စနက်တံပါ လက်လုပ်ဗုံး ၁၅ လုံး၊ ကတ္ထူစက္ကူဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံး ၂ လုံး၊ အခြား ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ် မြို့နယ်၊ ကသဲအုပ်စု၊ ကမ္ဘာအေးရပ်ကွက်နေ ဇေယျာသိန်း(ဘ)ဦးစိုးပိုင် အား လက်လုပ်မိုင်း ၂ လုံး၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြို့ရှောင်လမ်း၌ ရွှေသာကုန်း ကျေးရွာနေ ဇော်မိုး(၄၆)နှစ် (ဘ)ဦးသိန်းရွှေ မောင်းနှင်လာသော မော်တော်ဆိုင်ကယ် အား ရပ်တန့် စစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ အရိုး/အသွား ၉ လက်မခန့်ရှိ စကေဘာ ၁ ချောင်း၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်များနှင့်လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
    
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များ သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။