နေပြည်တော်၊ မေ ၁၇
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မေလ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်ရပ်ကွက်နေ ဇော်လင်းထွန်း(၄၁)နှစ်၊ (ဘ)ဦးညွန့်လင်း အား လက်လုပ်မိုင်း ၁၉ လုံး၊ ဆက်စပ်ပစ္စည်းများ နှင့်လည်းကောင်း၊ ညနေ ၄ နာရီခွဲခန့်တွင် မိတ္ထီလာမြို့၊ နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုမှ တရားခံဖြစ်သူ ဝန်ဇင်းရပ်ကွက်နေ ထိန်မင်းခိုင်(၅၇)နှစ်၊ (ဘ)ဦးဘထိန်အား ဖမ်းဆီးရမိရေးအတွက် ၎င်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ ၎င်း၏ သားဖြစ်သူ အောင်ခန့်မင်းထိန် (၂၁)နှစ်အား နေအိမ်အတွင်းမှ မီးစာတပ်ဆင်ထားသော ဓာတ်ဆီ ပုလင်း ၂ လုံး၊ ဓာတ်ဆီများ ထည့်ထားသော ပုလင်း ၂ လုံးနှင့်ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ည ၁၀ နာရီခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၊ အမှတ်(၉)ရပ်ကွက်နေ ဦးစိုင်းမိုးရှိန်း (၂၆)နှစ်(ဘ) ဦးတင်ရှိန်း နှင့် ဦးမင်းအောင်(၄၁)နှစ်(ဘ)ဦးဌေးအောင် တို့အား လေသေနတ် ၁ လက်စီနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း ထိန်းသိမ်းရမိခဲ့သည်။
အလားတူ မွန်းလွဲ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာ၏ သင်္ချိုင်းကုန်းဘေးတွင် အရှည် ၃ ပေ ၇ လက်မ ခန့်ရှိ လက်လုပ်လေသေနတ် ၁ လက်အား လည်းကောင်း၊ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ပျဉ်ထောင်ကျောင်းကျေးရွာရှိ မြေပြင်ဂြိုလ်တုဆက်သွယ်ရေးရုံးရှေ့တွင် အရှည် ၅ လက်မခွဲ၊ အချင်း ၂ လက်မရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၅ လုံးအား လည်းကောင်း၊ ည ၁၂ နာရီ ၅ မိနစ်အချိန်တွင် ဒလမြို့၊ ညောင်ကုန်းရပ်ကွက်၊ သံလမ်းသွယ်(၂)ရှိ အများသုံးရေလှောင်ကန်ပြုလုပ်ရန် တည်ဆောက်ထားသော အဆောက်အဉီဘေးတွင် PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်သေနတ် ၂ လက်၊ မီးစာတပ်ဆင်ထားသော ဓာတ်ဆီပုလင်း ၇ လုံးနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ (၁၂)လမ်းနှင့် (၁၃)လမ်းကြားရှိ ရေကန်အတွင်း၌ ဒိုင်းမျိုးစုံ ၈၅ ချပ်အားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဝန်ဇင်း ရပ်ကွက်ရှိ ဝန်ဇင်းကန်ဘောင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေစဉ် မောင်ကျော်(၃၁)နှစ်၊ (ဘ)ဦးကျော်စိန် မောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးရန် တားဆီးစဉ် ၎င်းမှ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား တိုက်မိ၍ ဆိုင်ကယ်လဲကျတိမ်းမှောက်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး တွင် ယာခြေသလုံးရိုးကျိုး ဒဏ်ရာရရှိခဲ့ကာ မောင်ကျော်တွင် ဦးခေါင်းဝဲချိုစောင်း ပေါက်ပြဲ ဒဏ်ရာရရှိခဲ့သည်။ထို့နောက် မောင်ကျော်၏ လက်တွင် ကိုင်ဆောင်လာသော ပလတ်စတစ်အိတ် အတွင်းမှ သတ္ထုပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၇ လုံး တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ(၂)ဦးအား ဆေးကုသမှုခံယူ နိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ မေလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် စဉ့်ကိုင်မြို့နယ်၊ ခံလူးကြီးကျေးရွာနေ လင်းလက်ကိုကို (ခ) ကိုလင်း(၂၀)နှစ် (ဘ) ဦးလှထွန်းပါ အမျိုးသား ၃ ဦး အား ဂျင်ကလိ ၂၈ ချောင်းနှင့် အကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ထိန်းသိမ်း ရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။