မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက် ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဧပြီ ၂၁

    လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မ ှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီး လျက်ရှိပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိန်စအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယုလမ်းထိပ်နှင့် မေယုပတ်လမ်းထောင့် ကြာသာပတေး ဆွမ်းလောင်းဓမ္မာရုံရှေ့ရှိ စည်ပင်သာယာ အမှိုက်ကန်အတွင်း မသင်္ကာဖွယ်အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ အထုပ်အတွင်းမှ မီးခိုးဗုံး ၆ လုံး၊ ဗျောက်အိုး ၄ လုံး၊ ဓါတ်ငွေ့ကာ မျက်နှာဖုံး ၂ ခုတို့အား တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

    အလားတူ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် နေ ဇော်မင်း (၄၇)နှစ် (ဘ)ဦးဉာဏ်သိန်း၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ ဇော်မင်းအား ဗျောက်အိုး ၅၄ လုံး၊ ယမ်းများ ထည့်ထားသော ဘောလုံး ၃ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ သံချွန် ၁ ထုပ်၊ သုံးထောင့်ချွန် သံပြား ၃၃ ခု၊ ပစ်မှတ်ရုံပုံ သံပြား ၂ ချပ်၊ ဂျင်ကလိ ၃၆ ချောင်း၊ ကော်ဘောလုံး ၅၉ လုံး၊ ဖန်ကွဲစများ ထည့်ထားသော သံဗူး ၁ ဗူး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

    ထို့အတူ ည ၉ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး ကျေးရွာနေ ဟန်မိုးအောင် (ခ)ပိုင်သက်ကျော် (၂၉)နှစ် (ဘ)ဦးထွန်းရွှေ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ဟန်မိုးအောင်(ခ) ပိုင်သက်ကျော်အား လက်လုပ်မိုင်း ၁ လုံးနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

    အလားတူ ည ၉ နာရီ ၄၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မြင်းခြံမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာ အရောက်၌ အကြမ်းဖက်သူများက လေးခွ၊ ဂျင်ကလိများဖြင့် အကြမ်းဖက် ရန်ပြုပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လိုက်လံ ဖမ်းဆီးခဲ့ရာ ရဲတိုင်ကျေးရွာနေ ဖိုးပြုံး (၃၃)နှစ် (ဘ)ဦးအုန်းလှိုင် ပါ အမျိုးသား ၅ ဦးအား လှံ ၁ ချောင်း၊ ခရင်းခွ ၄ ချောင်း၊ သံတူရွင်း ၁ ချောင်း၊ ဓားဦးချွန် ၆ ချောင်း၊ ဓားရှည် ၂၄ ချောင်း၊ သံရိုးတပ်သံစောက် ၆ လက်၊ တူ ၃ ချောင်း၊ သံပိုက် ၇ ချောင်း၊ လေးခွ ၁ လက်၊ ကတ်ကြေး ၃ ချောင်း၊ ဂျင်ကလိ ၁ ချောင်း၊ သံကြယ် ၁ ခု၊ သံတုတ် ၆ ချောင်း၊ သံချောင်း ၆ ချောင်း၊ အခြားဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

    ထို့အတူ ည ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြင်းမူမြို့အတွင်း လှည့်ကင်းတာဝန် ဆောင်ရွက် နေစဉ် မန္တလေး-မုံရွာသွား ကားလမ်း ၄၆ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားရှိ “ရွှေအိမ်စည်” တည်းခိုခန်း ရှေ့အရောက်၌ မြင်းမူမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ပြည်ကြီးတံခွန်မြို့နယ်နေ နိုင်လင်းအောင် (၁၈)နှစ်(ဘ)ဦးမြင့်နိုင် မောင်းနှင်ပြီး သီဟနိုင်(ခ)သိန်းဇော်ဦး(၂၄)နှစ်(ဘ)ဦးမြင့်နိုင် လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွား သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံတားဆီး စစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးထံမှ လက်လုပ် သေနတ် ၁ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

    အလားတူ ည ၁၂ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် မြို့၊ ရဲစုတောင်ရပ်ကွက်နေ ရီရီထွန်း(ခ)မဖြူ(၅၂)နှစ်(ဘ) ဦးပုလေး၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၎င်းအား ဟန်းစပီကာ ၂ လုံး၊ မှုတ်ဆေးဗူး ၂ ဗူး၊ နိုင်ငံတော် ဆန့်ကျင်ရေးစာသားများ ရေးသားထားသည့် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

    အလားတူ ဧပြီလ ၂၁ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည့်ကင်းဆောင်ရွက်နေစဉ် နံနက် ၇ နာရီခွဲအချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၄) ရပ်ကွက်၊ ပုဂံလမ်းအရောက်၌ စက်ဘီးစီးလာသူ အဆိုပါရပ်ကွက်နေ မာဘွတ်(ခ)ကြည်ဝင်း (၄၃)နှစ် အား ရပ်တန့် စစ်ဆေးခဲ့ရာ ၎င်းထံမှ မီးစ တပ်ဆင်ထားသည့် ဓာတ်ဆီပုလင်း ၁၃ လုံး၊ ဓား ၂ ချောင်း တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

    အလားတူ နံနက် ၉ နာရီ ၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၇၃ လမ်းနှင့် ၇၄ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ ခြံအမှတ် (၁၉၉/၂၆)ရှိ ပိုင်ရှင်(စိစစ်ဆဲ)နေအိမ်ခြံဝင်းအား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေထိုင်သူများအား မတွေ့ရှိရဘဲ အဆိုပါနေအိမ်နှင့် ခြံဝင်းအတွင်းမှ ဒိုင်း ၁၀ ချပ်၊ ဒီဇယ်ထည့်ထားသည့် ပုလင်းမျိုးစုံ ၉၉ လုံး၊ လက်လုပ်သေနတ် ၅ လက်၊ အသံဗုံး ၂ လုံး၊ သုံးမြှောင့်သံချွန် ၃၅ ခု၊ ကျည်ကာသံပြား ၈၃ ပြား၊ ရာဘာပြား ၉ ပြား၊ မြှားတံပြုလုပ်ရန်ပြုလုပ်ထားသည့် ဝါးချောင်း ၁၀၀ ချောင်း၊ ဒေါက်တာ မင်းသူထွဋ် အမည်ပါ ကျူတီကုတ်အဖြူ ၁ ထည်နှင့် လည်ဆွဲ ၁ ခု၊ ဒေါက်တာ သက်သက်စံ အမည်ပါ ကျူတီကုတ်အဖြူ ၂ ထည်၊ ဒေါက်တာ သာဆန်း (ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု၊ အထွေထွေ ရောဂါကုဆေးရုံကြီး၊ မန္တလေး) အမည်ပါ ရင်ထိုး တံဆိပ် ၁ ခု၊ စကားပြောစက် ၂ လုံး၊ နိုင်ငံရေး လှုံ့ဆော်စာတမ်းပါ ဗီနိုင်း ၅ ချပ်နှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ ပါသည်။

    ထို့အတူ နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၁) ၇၈ လမ်းထောင့်နေ ABSDF အဖွဲ့ဝင်ဟောင်းဖြစ်သူ ခင်မောင်လတ်(ခ) ဝင်းကျော်သူ (ခ)ကိုလတ် (၄၃)နှစ် (ဘ)ဦးမောင်ကို၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်ဗုံး ၆ လုံး၊ ကျောက်ခဲနှင့် ပုလင်းစများ ရောထည့်ထားသည့် ရေသန့်ဗူး ၈ ဗူး၊ ဓား ၃ ချောင်း၊ လေးဂွ ၂ လက်၊ ကုန်းသီး ၆ လုံး၊ လောက်စာလုံး ၁၀၀ လုံး၊ စပရေးဗူး ၁ ဗူး၊ ဦးထုပ် ၂ လုံး၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်း ထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။