မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၉

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက်ဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မေလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရွှေအုတ်ဂူ (၃)လမ်း၊ တိုက်အမှတ် (၃၆)၊ အခန်းအမှတ် (၀၀၂)၌ ဝင်ရောက် ရှာဖွေခဲ့ရာ အဆိုပါ အခန်းအတွင်းမှ သာကေတမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေကိုကိုမောင်(ဘ) ဦးစိုးသန်းပါ အမျိုးသား ၈ ဦးအား ဖောက်ခွဲရေးလုပ်ရပ်များ တွင် အသုံးပြုမည့် ယမ်း ၁ ပိဿာ၊ ဓာတ်ဆီ ၃ ဂါလံပါ ပလပ်စတစ်ပုံး ၁ ပုံး၊ အင်ဂျင်ဝိုင် ၁ ဂါလံပါ ပလပ်စတစ်ပုံး ၁ ပုံးတို့နှင့်အတူလည်းကောင်း၊  ညနေ ၆ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ ကန်ကြီးရပ်နေ မင်းထွန်း(ခ)လင်းထွန်း (၂၄)နှစ် (ဘ) ဦးစိုးမိုး၏ နေအိမ်၌ လက်လုပ်သေနတ် ၁ လက် ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဉယျာဉ်မြောက်ရပ်ကွက်၊ မြစ်ကွေ့ကျောင်းလမ်းနေ တင်ဝင်း(ဘ)ဦးကျော်သိန်း အား ၎င်း၏ နေအိမ်၌ ဂျင်ကလိ (၃)ချောင်း၊ လေးခွ(၂)လက်နှင့် ဓား ၄ ချောင်းနှင့်လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ်၊ (၁)ရပ်ကွက်၊ အိမ်အမှတ်(၃၄၉)၌ အဆိုပါနေအိမ်တွင် ငှားရမ်းနေထိုင်သူများ ဖြစ်သည့် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်နေ အောင်နိုင်ဦး (၅၅)နှစ် (ဘ) ဦးအံ့စိန်ပါ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား တွေ့ရှိသဖြင့် ထိန်းသိမ်းခဲ့ပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ ဖိုက်ဘာဦးထုပ် ၂ လုံး၊ ဓာတ်ငွေ့ကာမျက်နှာဖုံး ၂ ခု၊ ဓာတ်ငွေ့ကာမျက်မှန် ၁ လက်၊ လက်လုပ်မီးခိုးဗုံး ၁ လုံး၊ ဂျင်ကလိ ၃၆ ချောင်း၊ လေးခွ ၂ လက်၊ ဒူးလေး ၁ လက်၊ ဂက်စ်ဘူး ၂ ဘူး၊ ဘောစေ့ ၁ ဘူး၊ မှန်ပြောင်း ၁ ခု၊လက်ပ်တော့ ၂ လုံး၊ လက်ကိုင်ဖုန်း ၅ လုံး၊ ဓာတ်ဆီ ၁ ဘူး၊ ဧရာဝတီဘဏ်စာအုပ် ၂ အုပ်၊ ချက်လက်မှတ်စာအုပ် ၁ အုပ်၊ ကမ္ဘောဇဘဏ်ငွေစုစာအုပ် ၁ အုပ်၊ ငွေစက္ကူရောရာ ၉၀၀၀၀၀ ကျပ်နှင့် 5D-8117 နံပါတ်ပါ Honda CRV မော်တော်ယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၂ စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။