မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်၊ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရရှိ

နေပြည်တော်၊ ဇွန် ၃

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက် လျက်ရှိရာ အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများကို ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိလျက်ရှိသည်။

ထိုသို့ဖော်ထုတ်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက် ညပိုင်းတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး အနီး လက်ဘက်ရည်ဆိုင်၌ ဆူပူအကြမ်းဖက် ခေါင်းဆောင်များ ရောက်ရှိနေသည်ဟု သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ ရဲလင်းအောင်(၂၆)နှစ်၊ စိုင်းရန်နောင်စိုး(၃၀)နှစ်၊ အောင်ခိုင်ဝင်း(၁၉)နှစ်၊ သန့်ဇင်ဝင်း(၄၁)နှစ်နှင့်ထက်လျှံအောင် (၂၈)နှစ်တို့ ၅ ဦးအား ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံများ ဖြစ်သော အောင်ဇော်လတ် (၂၆)နှစ်နှင့် ကျော်သီဟ(၁၈)နှစ်တို့ ၂ ဦးအား မေလ ၂၄ ရက် ညပိုင်းတွင် ပြည်ကြီးတံခွန် မြို့နယ်၊ ၅၂ လမ်း၊ ၁၂၆ လမ်းထောင့် (စ)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ M-22 ၈ လက်၊ ကျည်အိမ် ၈ ခု၊ ၎င်းကျည် ၁၀၃ တောင့်၊ လက်ပစ်ဗုံး (၁၀)လုံး တို့အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံအောင်ဇော်လတ်၏ ထွက်ဆိုချက်အရ မေလ ၂၅ ရက် ညပိုင်းတွင် ဆက်စပ် တရားခံ ရာဇာမင်းသန့်(ခ)ဗိုလ်ချက်(၂၅)နှစ်အား ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်းနှင့် သိပ္ပံလမ်းရှိ အညာမြေလက်ဘက်ရည်ဆိုင်တွင် လည်းကောင်း၊ စိုင်းဝဏ္ဏထွန်း(၂၇)နှစ်၊ ချမ်းသာကျော် (၂၅)နှစ်နှင့် မျိုးခိုင်(၄၅)နှစ်တို့ ၃ ဦးအား ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းရှိ မင်းသားကြီးဟိုတယ်၊ အခန်းအမှတ်(၁၁၃)တွင် လည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံစိုင်းဝဏ္ဏထွန်း၏ ထွက်ဆိုချက်အရ မေလ ၂၅ ရက် ညပိုင်းတွင် ဆက်စပ် တရားခံ ဌေးဝင်းနှင့် မင်းခိုင်တို့ ၂ ဦးအား ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁x၆၂ လမ်းကြား၊ ၁၃၁ လမ်းရှိ OK Mandalar ကားအရောင်းစင်တာတွင် M-22 ၁၂ လက်၊ ကျည်အိမ် ၁၃ ခု၊ ၎င်းကျည် ၄၆ တောင့်နှင့် လက်ပစ်ဗုံး ၁၂၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ သတင်းအရ မေလ ၂၅ ရက် ညပိုင်းတွင် တရားခံ ဌေးဝင်း၏ မိခင်နေအိမ် ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ လမ်းသွယ်(၁)ရှိ အမှတ် (ဃ-၆)သို့ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်းမှ M-22 ၁ လက်၊ M-16 ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ M-22 ကျည်အိမ် ၁ ခု၊ M-16 ကျည်အိမ် ၂ ခု၊ M-22 ကျည် ၁၉ တောင့်၊ M-16 ကျည် ၄၉ တောင့်၊ ဒီတိုနေတာ ၂၄၀၀ ချောင်း၊ မိုင်းရှာစက် ၁ လုံးတို့အား ဖမ်းဆီးရမိခဲ့သည်။
ဌေးဝင်း၏ ထွက်ဆိုချက်အရ မေလ ၂၆ ရက် ညနေပိုင်းတွင် ၎င်း၏ မိခင် နေအိမ်အား ထပ်မံသွားရောက် ရှာဖွေခဲ့ရာ ၂၀၀ ဂရမ်ရှိ TNT ယမ်းတောင့် ၁၉ တောင့်၊ လက်လုပ်ဗုံး ၆ လုံး၊ စနက်ကြိုး ၁၈ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။

အထက်ပါဖြစ်စဉ်၌ တရားခံ ၁၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ M-22 ၂၁ လက်၊ M-16 ၁ လက်၊ ကျည်အိမ် ၂၄ ခု၊ ကျည် ၂၁၇ တောင့်၊ ၉၁ လက်ပစ်ဗုံး ၁၃၃ လုံး၊ လက်လုပ်လေသေနတ် ၁ လက်၊ လက်လုပ်ဗုံး ၁၆ လုံး၊ ဒီတိုနေတာ ၂၄၀၀ ချောင်း၊ TNT ယမ်းတောင့် ၁၉ တောင့်၊ မိုင်းရှာစက် ၁ လုံး၊ စနက်ကြိုး ၁၈ ချောင်းတို့ အပါအဝင် ဖောက်ခွဲရေး ပစ္စည်းပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်း မျိုးစုံတို့အား သိမ်းဆည်းရမိခဲ့သည်။
တရားခံ စိုင်းဝဏ္ဏထွန်း၏ ထွက်ဆိုချက်အရ ၎င်းသည် တမူးမြို့ PDF ဖြစ်မြောက်ရေးဗဟိုကော်မတီအဖွဲ့ဝင် ၆ ဦးတွင် ပါဝင်သူဖြစ်ပြီး ယခုဖြစ်စဉ်ပါ ဖမ်းဆီး ရမိ လက်နက်/ခဲယမ်းများအား တမူးမြို့ PDF အဖွဲ့ ဖွဲ့စည်းရာတွင် တပ်ဆင်ရန်အတွက် ဖြစ်ကြောင်း၊ တမူးမြို့ PDF အဖွဲ့ ရံပုံငွေ ရရှိရေးအတွက် NUG အနောက်ပိုင်း စစ်ဒေသ တာဝန်ခံ ဆလိုင်းအိုက်ဇက်ခမ်းမှ တစ်ဆင့် ကလေးမြို့ရှိ CRPH အဖွဲ့ဝင် ဒေါ်ရှားမီး (NLD ပါတီ၊ ကလေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)မှ ရူပီး ၅ သိန်း၊ မြန်မာငွေ သိန်း ၅၀ ခန့်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် တမူးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများထံမှလည်း အလှူငွေများ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုဘဝလုံခြုံရေးကို ခြိမ်းခြောက်အန္တရာယ်ပြုသည့် အကြမ်းဖက်တရားခံများအား ဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။