မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်ပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးပုလင်းဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့

 

နေပြည်တော်၊ မေ ၁၁

            ဆူပူအကြမ်းဖက်သူများအနေဖြင့် တိုင်းဒေသကြီးအချို့ရှိ မြို့နယ်အချို့၌ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများအား မီးရှို့ခြင်းနှင့် မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်းတို့ ပြုလုပ်ခဲ့၍ မီးလောင်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

            ထိုသို့လုပ်ဆောင်ရာတွင် မေလ ၁၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၂ လမ်း၊ ၁၁၄ လမ်းနှင့် ၁၁၅ လမ်းကြားရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူများက မီးရှို့မှုကြောင့်  မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက် မီးငြှိမ်း သတ်ခဲ့ ရာ ၂၅ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ၂၀ ပေ ၃၀ ပေ ရှိ အဆိုပါရုံး အဆောက်အဦ ၁ လုံး၊ ရုံးတွင်းပရိဘောဂများနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

            အလားတူ ယနေ့နံနက် ၁ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရွှေပေါက်ပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်းရှိ အလျား ၁၂၀ ပေ အနံ ၃၀ ပေ အမြင့် ၁၄ ပေရှိ သွပ်မိုး၊ အုတ်ကာ စာသင်ဆောင်၏အလယ်၌ စာသင်ခုံစာရေးစားပွဲများ၊ သစ်သားထိုင်ခုံများအား အကြမ်းဖက်သူများက စုပုံမီးရှို့ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် စာရေးစားပွဲ ၁၀ လုံး၊ ထိုင်ခုံအရှည် ၁၀ လုံး၊ White Board ၁ ခုနှင့် အခန်းကန့်ထားသည့် အထပ်သားပြား ၂ ချပ်တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

            ထို့အတူ နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်၊ မြို့ပတ် လမ်းဘေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အကြမ်းဖက်သူ ၁ ဦးက မီးရှို့မှုကြောင့် မီးလောင်မှုဖြစ် ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် အလျား ၃၂ ပေ၊ အနံ ၁၄ ပေခန့်ရှိ သွပ်မိုး/ကပ်ကာ၊ အုတ်ခင်းအဆောက်အဦ ၁ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

            အလားတူ နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ နတ်စင်ကုန်း ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သူများက မီးပုလင်းဖြင့် လာရောက် ပစ်ပေါက်ခဲ့သော်လည်း မီးလောင်မှုမရှိကြောင်း သိရသည်။

            အထက်ပါဖြစ်စဉ်မှ မီးရှို့ခဲ့သူအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။