မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်ပိုင် အဆောက်အဦများ၊ ယာဉ်ရပ်နားစခန်းများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်နှင့် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ/ဆရာမများ၏ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မေ ၆

    ဆူပူအကြမ်းဖက်သူများ အနေဖြင့် တိုင်းဒေသကြီးအချို့ရှိ မြို့နယ်များ၌ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များ၊ ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် မိမိတို့၏ တာဝန် ဝတ္တရားများအား ထမ်းဆောင်နေကြသော ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ခြင်း စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ ယာဉ်ရပ်နားစခန်းများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်နှင့် ကျောင်းဆရာ/ ဆရာမများ၏ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း ကဲ့သို့သော အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

    ထိုသို့လုပ်ဆောင်ရာတွင် မေလ ၅ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့ အမှတ်(၄)ရပ်ကွက်ရှိ “မြန်မာလယ်ယာဖွံဖြိုးရေးဘဏ်”အား အကြမ်းဖက်သူ အမျိုးသား ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ် ၁ စီးမှ မီးပုလင်းဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့ပြီး လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

    ထို့အတူ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင်ပင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ၇၅ လမ်း၊ ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြားရှိ “ရွှေမန်းသူ” ယာဉ်ရပ်နား စခန်းအား အကြမ်းဖက်သူ အမျိုးသား ၁ ဦး စီးနင်း လာသည့် ဆိုင်ကယ်မှ မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့ ပစ်ပေါက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

    အလားတူ နံနက် ၉ နာရီခွဲအချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကွင်းအမှတ် (၁၅၂၁)တွင် စိုက်ထူထားသော MYTEL တာဝါတိုင်အား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ပြီး  မီးလောင်မှုကြောင့် အဆိုပါ တာဝါတိုင်ရှိ Power ကြိုး ၁ ချောင်း၊ Sensor ကြိုး ၆ ပေခန့်နှင့် Ground Wire ကြိုး ၁ ချောင်း ၆ ပေခန့်တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ အကြမ်းဖက်သူများ အသုံးပြုခဲ့သည့် ဂက်စ်ဘူး ၁ ဘူးနှင့် PVC ကော်ပိုက်ခေါင်း ၁ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။ 

    အလားတူ ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် မိတ္ထီလာမြို့နယ် မယ်ဇလီပင်ကျေးရွာရှိ အမှတ်(၃၀) အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းဆရာ/ဆရာမ ၇၅ ဦးသည် အစည်းအဝေး ပြုလုပ်နေစဉ် ဆူပူအကြမ်းဖက်သူ အင်အား ၄၀ ဦးခန့်သည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာကြပြီး အဆိုပါကျောင်းအား လေးခွ၊ ခဲများဖြင့် ပစ်ပေါက်ကာ ကျောင်းရှေ့တွင် ရပ်တန့်ထားသော ဆရာ/ဆရာမများ၏ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဆိုင်ကယ် ၃ စီး မီးလောင် ပျက်စီးဆုံးရှုံးခဲ့သဖြင့် အကြမ်းဖက်သူများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။