မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက အကြမ်းဖက်လုပ်ရပ်များ အတိုင်း လုပ်ဆောင်

နေပြည်တော်၊ ဧပြီ - ၈
    
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေိ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၂) ဖန်ချက်ဝန် ဦးရွှေအိုးလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ JOC  Galaxy (Myanmar) Apparel အထည်ချုပ်စက်ရုံအား ဧပြီ ၇ ရက် နံနက် ၅ နာရီခန့်တွင် လည်းကောင်း၊ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၃)ရပ်ကွက်၊ ပိတောက်မြိုင် လမ်းနှင့် ဘုရားလမ်းထောင့်ရှိ (၅၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား လည်းကောင်း၊ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စိုက်ပျိုးရေးလမ်းနှင့်  ကြေးရေလမ်းဆုံအနီး (၄၅)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လည်းကောင်း၊ ည ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ဦးဖီးလမ်းနှင့် ညောင်ဦးဖီး(၁)လမ်းထောင့်ရှိ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လည်းကောင်း၊ ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင်   စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြို့မမြို့ကုန်းရပ်ကွက်ရှိ မြို့နယ် ပညာရေးမှူးရုံး အား လည်းကောင်း၊ ယနေ့နေ့လည် ၁ နာရီ ၅၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အား လည်းကောင်း၊ ယနေ့နံနက် ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား လည်းကောင်း၊  ယနေ့နံနက် ၆ နာရီအချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား လည်းကောင်း၊ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် တာမွေမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား လည်းကောင်း၊ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)ရှိ ရုံးပေါင်းစုံလမ်းဆုံမီးပွိုင့် အချက်ပြမီးထိန်းချုပ်ရေး အဆောက် အဦနှင့် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် ရပ်ကွက်ကြီး(၂)ရှိ အထက(၁)ကျောင်းအနီး မီးပွိုင့် အချက်ပြ မီးထိန်းချုပ်ရေးအဆောက်အဦတို့အား လည်းကောင်း ဆူပူ အကြမ်းဖက် သူများက  မီးပုလင်းများ၊ မီးကွင်းများဖြင့် ပစ်ပေါက်ခြင်း၊ ရုံးများအတွင်းသို့ ဝင်ရောက်မီးရှို့ခြင်းတို့ကြောင့် မီးလောင်မှုများဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာ  မီးငြိမ်းသွားခဲ့သည်။ 
    
အထက်ပါမီးလောင်မှုမျာ;ကြောင့် လူ၊ တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ရုံးများအတွင်းရှိ ပရိဘောဂများ၊ မျက်နှာကျက်များနှင့် စာရွက်စာတမ်းအချို့ မီးလောင် ပျက်စီးခဲ့ကြောင်းနှင့် ဖြစ်စဉ်အား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။
    
ထို့ပြင် ဧပြီလ ၇ ရက် ည ၉ နာရီခွဲ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက် နေစဉ် ပျဉ်မနားမြို့နယ်၊ တောင်သာကျေးရွာ၊ တောင်သာဓမ္မာရုံအရောက်၌ အကြမ်းဖက်သူလူစုလူဝေးများက လေးခွများဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် ၁ စီး၏ ရှေ့လေကာမှန်ကွဲအက်ပျက်စီးခဲ့ ကြောင်း  သိရှိရသည်။
    
ထို့အပြင် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊ အောင်ဇေယျလမ်း၊ အမှတ်(၆၁)ရှိ Curvy အမျိုးသမီးအထည် ပစ္စည်းအရောင်း ဆိုင်သို့ မျက်နှာဖုံးများ စွပ်ထားသော အကြမ်းဖက်သူအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် YGN 2G-6163 Fielder ခဲရောင်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အရှေ့ကာရံထားသော မှန်အား တူများဖြင့် ရိုက်ခွဲကာ ဆိုင်အတွင်းသို့ လက်လုပ်ဗုံး၊ မီးပုလင်းများဖြင့် ပစ်ပေါက်၍ ပြန်လည်ထွက်ပြေးသွားခဲ့ရာ အဆိုပါ လက်လုပ်ဗုံး၊ မီးပုလင်းများမှာ ဆိုင်အတွင်း ကျရောက် ပေါက်ကွဲ မီးလောင်ခဲ့သဖြင့်  ဆိုင်ဝန်ထမ်းများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ဆိုင်ရှေ့ကာရံထားသော မှန် ၁ ချပ် ကွဲအက်ကာ ကတ္ထူစက္ကူပုံးခွံအလွတ်များ၊ အလှဆင်ပစ္စည်းတင်စင် ၁ ခုနှင့် ခန်းဆီး လိုက်ကာ ၁ ခုတို့ မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါဆိုင်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိ စစ်ဆေးခဲ့ရာ ဓာတ်ဆီပုလင်း ကွဲစများ၊ မပေါက်ကွဲ ဘဲ ကျန်ရှိသော လက်လုပ်ဗုံးမျိုးစုံ ၃ လုံးနှင့် တူ ၂ လက်တို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းနှင့် ပတ္တမြားလမ်းထောင့်၊ ပျဉ်းမပင်စက်မှုဇုန်ရှိ လန်ဒန်စီးကရက်စက်ရုံဝန်းအတွင်းသို့ ဧပြီ ၇ ရက် နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူ ၃ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စက်ရုံဝန်းအတွင်းသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် စက်ရုံဝန်း အတွင်းရှိ မော်တော်ယာဉ် ၃ စီးတို့၌ ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်းနှင့် လူ၊ တိရိစ္ဆာန် ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

အလားတူ ဧပြီ ၇ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ ဇေယျာမြိုင်လမ်းနှင့် ဉယျာဉ်လမ်းထောင့်  အနီးရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့အနီးသို့ ဆူပူအကြမ်းဖက်သူလူတစ်စုက လက်လုပ်ဗုံး ၁ လုံး ဖြင့် လာရောက်ပစ်ပေါက်ခဲ့ရာ လူ၊ တိရိစ္ဆာန်ထိခိုက် သေဆုံးမှုမရှိကြောင်း သိရှိရသည်။
ထို့အတူ ချင်းပြည်နယ်၊ ကလေးဝမြို့နယ်၊ ချောင်းဆုံကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ ကလေးဝ-တန့်ဆည်သွားကားလမ်း မိုင်တိုင်အမှတ်(၉၁/၄)နှင့် (၉၁/၅) အကြား အရှည် ၅၀ ပေ၊ အကျယ်၁၃ ပေခန့်ရှိ သံဘောင်ဘေလီတံတားအမှတ်(၃/၁၉၉၂) အား  ယနေ့နံနက် ၄ နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ရာ တံတားကြမ်းခင်းများ မီးလောင်ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ရှောင်ကွင်း လမ်းမှ ဖြတ်သန်းသွားလာနေရကြောင်း သိရှိရသဖြင့် တံတားပျက်စီးမှုများအား ကလေးဝ မြို့နယ် လမ်းဦးစီးဌာနမှ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    
အထက်ပါဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။