မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်

နေပြည်တော်၊ ဧပြီ - ၁၂

  ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းနှင့် အထက် ကြည့်မြင်တိုင်လမ်းရှိ Yangon Bus Public Co.,Ltd ပိုင် YBS-89 ယာဉ်လိုင်း ဂိတ်အား ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူများက မီးပုလင်းများ၊ မီးကွင်းများဖြင့် ပစ်ပေါက်ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့သည်။

  အထက်ပါ မီးလောင်မှုမျာ;ကြောင့် YBS ယာဉ် ၄ စီး မီးလောင်ပျက်စီးခဲ့ပြီး ၁ စီး မီးဟတ် ပျက်စီးခဲ့ကြောင်းနှင့် ဖြစ်စဉ်အား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ ခရေပင်လမ်း နှင့် (၁၅)လမ်းထောင့်ရှိ နယ်မြေခံတပ်အား ဧပြီ ၁၁ ရက် ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူ လူတစ်စုက လက်လုပ်အသံဗုံး တစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေး သွားခဲ့ကြောင်း သိရှိရသည်။

  အထက်ပါဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အမြန်ဆုံး ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။