မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက အကြမ်းဖက် လုပ်ရပ်များ အတိုင်း လုပ်ဆောင်

နေပြည်တော်၊ ဧပြီ - ၇

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇယန္တာ လမ်းထောင့်ရှိ ပါရမီကားဝင်း အတွင်း၌ ဧပြီ ၆ ရက် ညနေ၆ နာရီ ၁၀ မိနစ်ခန့်တွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီပိုင် ယာဉ်မောင်း ဦးကျော်မင်းထိုက် (ဘ)ဦးစိုးသိန်း မောင်းနှင်သည့် YUTONG အမျိုးအစား  YBS ယာဉ်ပေါ်မှ အချိန်ကိုက် စနစ်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး အနီးရှိ မော်တော်ယာဉ် ၁၁ စီး မှန်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    အလားတူ ဧပြီလ ၆ ရက်  ည ၁၀ နာရီခွဲအချိန်တွင် အလုံမြို့နယ်၊ လွတ်လပ်ရေး ရပ်ကွက်၊ အောင်ဇေယျလမ်းဘေး၌ ရပ်တန့်ထားသော အဆိုပါရပ်ကွက်နေ အမျိုးသား ၁ ဦး ပိုင်ဆိုင်သည့် YGN 4K-xxxx Wish ယာဉ်အား အမျိုးသား ၃ ဦး(စိစစ်ဆဲ)က မီးရှို့နေသည်ကို တွေ့ရှိရသဖြင့် ယာဉ်ပိုင်ရှင်ဖြစ်သူမှ အော်ဟစ်ဟန့်တားခဲ့ရာ မီးရှို့ဖျက်ဆီးသူများမှာ ထွက်ပြေးသွားခဲ့ပြီး ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့် တန်ဖိုးငွေ ၇ သိန်းကျပ်ခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

    ထို့အတူ ဧပြီလ ၆ ရက် ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ကြည်မြင်တိုင် မြို့နယ်၊ ထီးတန်စက်မြေရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား အကြမ်းဖက်သူ အမျိုးသား ၁ ဦးက မီးပုလင်းဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ မီးပုလင်းမှာ အုပ်ချုပ်ရေးမှူးရုံးအောက် လမ်းဘေးရှိ ဈေးရောင်းရန် ပြုလုပ်ထားသော မိုးကာထီးပေါ်သို့ ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့ပြီး မိုးကာထီး ၂ ချောင်း မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။

    အလားတူ ယနေ့နံနက် ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်ရှိ ယာယီရုပ်သိမ်းထားရှိသည့် မြေလင်း ရဲကင်းစခန်းအား အကြမ်းဖက်သူ အင်အား ၂၀ ဦးခန့်က မီးရှို့ခဲ့ရာ အချုပ်ခန်းပါ ရဲစခန်းရုံး အဆောက်အဦ ၁ လုံး၊ နေအိမ်လိုင်းခန်း အဆောက်အဦ ၃ လုံးနှင့် သက်သေခံ ပစ္စည်းမော်တော်ယာဉ် ၃၂ စီးတို့အား မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၆ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့် ရဲစခန်းရုံး အဆောက်အဦ ၄ လုံးနှင့် မော်တော်ယာဉ် ၃၂ စီးတို့ မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

    ထို့အတူ ယနေ့နံနက် ၁ နာရီ ၂၀ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ဝင်းရပ်ကွက်၊ ဖောင်တော်ပြန်လမ်းရှိ သတင်းရဲတပ်ဖွဲ့စုရုံးအား အမျိုးသား ၅ ဦးက ဒီဇယ်၊ ဓာတ်ဆီများ ထည့်ထားသည့် ပုလင်းများအား မီးရှို့ပစ်ပေါက် ထွက်ပြေး သွားခဲ့ရာ အဆိုပါ မီးပုလင်းများမှာ ရုံးရှေ့ကွင်းပြင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး လူ/ပစ္စည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

    အလားတူ ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် ကျောက်တံတားမြို့ နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အမှတ်(၁၀) မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး မျက်နှာစာ ဝင်ပေါက်အနီး ဝဲဘက်အခြမ်းရှိ Flower Box အတွင်း၌ လည်းကောင်း၊ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင် ရပ်ကွက်၊ ဒဂုံစင်တာ(၂)ရှေ့ မြေနီကုန်း ကုန်းကျော်တံတားအောက် အများပြည်သူအပန်းဖြေသည့်နေရာ၌ လည်းကောင်း လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုများကြောင့် လူ၊ ပစ္စည်း ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

    ၎င်းအပြင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အနောက်ရပ်ကွက်၊ လမ်း ၃၀ နှင့် လမ်း ၉၀ ထောင့်ရှိ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးအား အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်ကာ  လမ်း ၉၀ ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ရာ အဆိုပါမိုင်းမှာ ယာဉ်ထိန်းရုံးရှေ့ လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

    ထို့အတူ ယနေ့နေ့လည် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက် ရပ်ကွက်ရှိ အဏ္ဏဝါရိပ်သာအနီး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဗဟိုလမ်းအတိုင်း မောင်းနှင်လာသည့် 2L-2101 ဟွန်ဒိုင်း ယာဉ် ၁ စီးသည် အဏ္ဏဝါရိပ်သာအနီး ရောက်ရှိရပ်တန့်ပြီး ယာဉ်ပေါ်မှ အကြမ်းဖက်သူ အမျိုးသား ၁ ဦး ဆင်းလာကာ  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းသို့ လက်ပစ်ဗုံး ၃ လုံး ပစ်ပေါက်ထွက်ပြေး သွားခဲ့ရာ အဆိုပါ လက်ပစ်ဗုံး ၃ လုံးမှာ လွှတ်တော်ဝင်းအတွင်း ကျရောက်ခြင်းမရှိဘဲ ခြံစည်းရိုး သံဇကာအား ထိမှန်ကာ အဏ္ဏဝါရိပ်သာ ခြံစည်းရိုး အပြင်ဘက် သစ်ပင် ၂ ပင်ကြားတွင် ၂ လုံး၊ အဏ္ဏဝါရိပ်သာဝင်း အတွင်း လမ်းပေါ်၌ ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

    အလားတူ ယနေ့မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ကျိုင်းဝိုင်းဘုရားလမ်းမကြီးဘေးရှိ ခြံအမှတ် (၁၉) Gate Way ကုမ္ပဏီ(လုပ်ငန်း-စိစစ်ဆဲ)ရုံးအား ရှစ်မိုင်လမ်းဆုံဘက်မှ ကျိုက်ဝိုင်းဘုရားလမ်း အတိုင်း မောင်းနှင်လာသည့် 3R-3535 နံပါတ် တပ်ဆင်ထားသော Ertiga ယာဉ်ပေါ်မှ လက်လုပ်မိုင်း ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်မိုင်း ၂ လုံးမှာ ခြံစည်းရိုး အုတ်တိုင်နှင့် တံခါးအနီး ကျရောက်၍ ၁ လုံးပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးမှာ ပေါက်ကွဲမှုမရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရှင်းလင်းခဲ့ရာ သင်္ဘောဆေးဗူး အတွင်း ယမ်းနှင့် ဘောစေ့များ ထည့်၍ ပြုလုပ်ထားသော လက်လုပ်မိုင်းဖြစ်ကြောင်း သိရှိရပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် ကုမ္ပဏီ ကွန်ကရစ်လှေခါးနှင့် ခြံစည်းရိုး အုတ်တိုင်တို့ အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။

    ထို့အတူ ယနေ့ နံနက် ၅ နာရီ ၅၀ မိနစ်ခန့်တွင် ဒဂုံမြို့နယ်၊ နယ်မြေခံ တပ်မတော်ဆေးရုံအနီး ပေါက်ကွဲသံကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေရာ ရွှေတိဂုံဘုရားလမ်းနှင့် ဇီဝကလမ်းထောင့်ရှိ ဇီဝကအိမ်ထောင်သည် လိုင်း၊ တိုက်(၁)ရှေ့ အုတ်တံတိုင်းတွင် လက်လုပ်အသံမိုင်း ၁ လုံး၊ မြို့နယ် စည်ပင်ရုံးရှေ့ အမှိုက်ပုံးတွင်  လက်လုပ်အသံမိုင်း ၁ လုံး ၊ တိုက်(၅)ရှေ့ ဇီဝက လမ်းပေါ်ရပ်ထားသော  Hyundai  Creata အမျိုးအစား ယာဉ်အမှတ်၊ 7Q/----- မော်တော်ယာဉ်၏ လေကာမှန်ပေါ်တွင် လက်လုပ်အသံမိုင်း ၁ လုံးတို့ပေါက်ကွဲခဲ့သည်ကို စစ်ဆေးတွေ့ရှိ ရပြီး မော်တော်ယာဉ်အမှတ်၊ NPT – 4B/------- ယာဉ်ပေါ်တွင် မပေါက်ကွဲသေးသည့် လက်လုပ်အသံမိုင်း ၁ လုံးကို တွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်နိုင်ခဲ့သည်။

    အလားတူ ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ဗားကရား လမ်းရှိ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးအား ဆူပူအကြမ်းဖက်သူ တစ်ဦးက ဗားကရားလမ်း အတိုင်း အနောက်ဖက်မှ လာရောက်၍ လက်လုပ်အသံမိုင်း ၁ လုံးအား ပစ်ချ ထွက်ပြေးသွားကြောင်း၊ အဆိုပါ လက်လုပ်အသံမိုင်း ပေါက်ကွဲမှုကြောင့် လူ၊ တိရိစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

    ထို့အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဟေမဝန်လမ်းနှင့် ကန်သာယာလမ်း ထောင့်ရှိ အမှတ်(၂၄)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား ယနေ့နံနက် ၅ နာရီခွဲခန့်တွင် လည်းကောင်း၊ ယနေ့နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စစ်တောင်းလမ်းနှင့် သမိန်ဗဟန်းလမ်းထောင့်၊ အမှတ်(၃၀) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး အား လည်းကောင်း ဆူပူအကြမ်းဖက် လူတစ်စုက မီးပုလင်းများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာများသို့ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ  မီးငြိမ်းသွားခဲ့သည်။

    အထက်ပါ မီးလောင်မှုများကြောင့် လူ၊ တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိ ကြောင်းနှင့် ရုံးများအတွင်းရှိ ပရိဘောဂများ၊ မျက်နှာကျက်များနှင့် စာရွက်စာတမ်းအချို့ မီးလောင်ပျက်စီး ခဲ့ကြောင်း သိရှိရပြီး ဖြစ်စဉ်အား စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရှိရ သည်။

    ၎င်းအပြင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဗန္ဓုလမ်းနေရာရှိ မြဝတီ ဘဏ်အား ယနေ့နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူ ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေး သွား ကြောင်း၊ အဆိုပါ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်၏ အောက်ထပ် ပြတင်းပေါက်မှန် ၅ ချပ်ကွဲသွားခဲ့ပြီး အုတ်နံရံများ ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။

    အထက်ပါဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အမြန်ဆုံး ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။