မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများနှင့် အကြမ်းဖက်အဖျက်အမှောက်လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဇွန် ၁၄

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများနှင့် အကြမ်းဖက်အဖျက်အမှောက်လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်နေ ဝေယံကျော် (၂၅)နှစ် (ဘ)ဦးသန်းနိုင်၏နေအိမ်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့က ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ ၇ လမ်းနှင့် လမ်းသွယ် ၇ ဆုံရာ ပိုင်ရှင်(စိစစ်ဆဲ) နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ နေအိမ်အတွင်းမှ ပြောင်းချောသေနတ် ၃ လက်၊ ၁၂ ဗို့ကျည် ၁၆၀ တောင့်၊ လက်လုပ်မိုင်း ၁၃ လုံး၊ လျှပ်စစ်မိုင်း ၂ လုံး၊ ရီမုမိုင်း ၁ လုံး၊ ဘောလုံးယမ်း ၂၀ လုံး၊ လက်လုပ်အသံဗျောက်အိုး ၂ ခု၊ သံဘောစေ့ ၁၀၀ လုံးပါ ၂၀ ဘူးနှင့်ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဆက်လက်၍ ၇ လမ်း နှင့်လမ်းသွယ် ၁၁ ဆုံရာ ပိုင်ရှင်(စိစစ်ဆဲ)နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ လက်ကိုင် စကားပြောစက် ၂ စုံ၊ ကျည်ကာအင်္ကျီ ၅ ထည်၊ အင်္ကျီ ၁ ထည်၊ လက်လုပ်သေနတ်ကိုယ်ထည်အပိုင်း ၁ ခု၊ NLD အလံ ၇ ခု၊ NLD နဖူးစည်း ၃ ခုတို့အားလည်းကောင်း အသီးသီးသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးစားနေသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။