မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများမှ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်အကြမ်းဖက် တိုက်ခိုက်

နေပြည်တော်၊ ဧပြီ ၁၇

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရေးတို့အတွက် နောက်ကွယ်မှ ကြိုးကိုင် ခြယ်လှယ်နေသူများ၏ သွေးထိုးလှုံ့ဆော်မှုများဖြင့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။

ထိုသို့ပြုလုပ်လျက်ရှိရာ ဧပြီလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ကြံ့ခိုင်ရေးလမ်းထောင့်ရှိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး ခြံစည်းရိုး အနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး ကော်ရေပိုက်အတွင်း ယမ်းထည့်ပစ်သည့် လက်လုပ်အသံဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ ကြောင်းနှင့် လူ/ပစ္စည်းထိခိုက် မှုမရှိကြောင်း သိရှိရသည်။

အလားတူ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်းမကြီးဘေးနေ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးသက်ထွေးလွင် (၄၆)နှစ်၏ နေအိမ်စျေးဆိုင်ခန်းအတွင်းသို့ လမ်းပေါ်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၁ ဦးမှ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်သွားကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ အဆိုပါနေအိမ်ရှေ့တံစက်မြိတ်အောက် ရေမြောင်းအတွင်းမှ လက်ပစ်ဗုံးစနက်တံနှင့် နေအိမ်ရှေ့ခန်းအတွင်းတွင် မပေါက်ကွဲသေးသော လက်ပစ်ဗုံး ၁ လုံးတို့အား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါလက်ပစ်ဗုံးအား ရှင်းလင်း ခဲ့ကြောင်း သိရှိရသည်။

အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၁၅) ရပ်ကွက်ရှိ သတင်းရဲတပ်ဖွဲ့စုရုံး(မြင်းခြံ)အား ရုံး၏အရှေ့ဘက်လမ်းပေါ်မှ အနက်ရောင်ဝတ်စုံဝတ် ဆင်ထားသည့် ဆူပူအကြမ်းဖက်သောင်းကျန်းသူ အမျိုးသား ၈ ဦးက လက်လုပ်ဗုံး၂ လုံးနှင့် လက်လုပ်သေနတ်တို့ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ရာ လက်လုပ်ဗုံးများမှာ ရုံးအပြင်ဘက် အုတ်တံတိုင်းအနီး ကျရောက်ပေါက်ကွဲပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ခြောက်လှန့် ပစ်ခတ် လူစုခွဲခဲ့ရာ ညနေ ၅ နာရီအချိန်အတွင် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ည ၆ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗဟိုလမ်းရှိ “ဝန်းရံခ”ကား Show Room ရှေ့ မျက်နှာချင်းဆိုင် ကားလမ်းဘေး ရေမြောင်းအနီး၌ LED မီးလင်းနေသည့် တိပ်ဖြင့်ပတ်လျက် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိရပြီး အဆိုပါလက်လုပ်မိုင်းအား အများပြည်သူအန္တရာယ်မဖြစ်စေရေး ရှင်းလင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

အလားတူ ည ၆ နာရီ ၂၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ်(၅) ရပ်ကွက်၊ ညောင်ကုန်းလမ်းဘေးရှိ “နွေေမိုးဆောင်း”ဆိုင်ကယ်ပြုပြင်ရေးဆိုင်ရှေ့၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာ အဆိုပါဆိုင်ကယ်ပြုပြင်ရေးဆိုင်ရှေ့ တံစက်မြိတ်အောက်တွင် အချင်း ၂ လက်မခန့် ကွန်ကျူးပိုက်အပိုင်းအစများနှင့် စကူများအား တွေ့ရှိရပြီး လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိ ကြောင်း သိရှိရပါသည်။

အလားတူ ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ကျေးရွာ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား ဆူပူအကြမ်းဖက်သူလူတစ်စုမှ လက်လုပ်ဗုံး ၂ လုံး ဖြင့်ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ လက်လုပ်ဗုံး ၁ လုံးမှာ ရုံးဝင်ပေါက် တံခါးရှေ့သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပြတင်းပေါက်မှန် ၁ ချပ်ပျက်စီးခဲ့ကာ ကျန်လက်လုပ်ဗုံး ၁ လုံးမှာ ပေါက်ကွဲခဲ့ခြင်း မရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၁ လုံးအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များမှ ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရှိရ ပါသည်။

အလားတူ နံနက် ၁၀ နာရီခွဲအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၃)ရပ်ကွက်ရှိ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သည့်ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရာ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ် တစ်စီးဖြင့်ရောက်ရှိလာကာ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးဖြင့် ပစ်ခတ်၍ထွက်ပြေး သွားခဲ့ကြောင်းသိရှိရပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ၌ ၁ x ၄ လက်မခန့်ရှိ PVC ပိုက်အတွင်း ပေသီးယမ်းထည့်၍ပြုလုပ်ထားသည့် လက်လုပ်ဗုံးအပိုင်းအစများအား သိမ်းဆည်းရမိခဲ့သည်။

အလားတူ မွန်းလွဲ ၂ နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၃၄ လမ်း၊ ၈၀ x ၈၁ လမ်းကြားရှိ “အောင်သစ္စာဦး”အာမခံကုမ္ပဏီရှေ့၌ လက်လုပ်ဗုံးတစ်လုံးပေါက် ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ အဆိုပါပေါက်ကွဲ မှုဖြစ်ပွားသည့်နေရာ၌ အရှည် ၁ လက်မခွဲခန့်၊ လုံးပတ် ၁ လက်မခွဲခန့်ရှိ ကွန်ကျူးပိုက်အပိုင်းအစ ၃ ခု၊ စနက်တံကြိုးနှင့် သံအပိုင်းအစများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး လူ/အဆောက်အဦထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး အလားတူ ဖြစ်စဉ်များ ထပ်မံဖြစ်ပွားမှုမရှိစေရေး လုံခြုံရေးအင်အား တိုးမြှင့်ချထား၍ ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများအား ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။