မြို့နယ်အချို့၌ ဆူပူ အကြမ်းဖက်သူများက အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်

နေပြည်တော်  ဧပြီ  ၁၉

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှုယန္တရားနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရား ဥပဒေစိုးမိုးရေး ပျက်ပြားစေရန် ရည်ရွယ်၍ နောက်ကွယ်မှ   ကြိုးကိုင်ခြယ်လှယ်ကာ သွေးထိုး လှုံ့ဆော်မှုများဖြင့် အကြမ်းဖက် လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။

ထိုသို့ပြုလုပ်လျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂ ရပ်ကွက်၊ သုဒဿနလမ်းရှိ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အနီးသို့ ဧပြီ ၁၈ ရက် ည ၇ နာရီ ၅ မိနစ်ခန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့ပြီး လက်လုပ်ဗုံး သည် ရုံးရှေ့ရှိ ရေမြောင်းဘေးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ထို့ပြင် ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံမြို့၊  အမှတ်(၆) ရပ်ကွက်ရှိ ဦးမြအောင်ပိုင်ဆိုင်သည့် ငွေဇင်ယော်  ဆီနှင့် ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်အတွင်းသို့ ဆိုင်ကယ် ၁ဝ စီးဖြင့် ဆူပူ အကြမ်းဖက်သူ ၂ဝ ဦးခန့်ရောက်ရှိလာပြီး ဆိုင်အတွင်းရှိ ပစ္စည်းများအား  ဆိုင်ရှေ့တွင်စုပုံပြီး  မီးရှို့ဖျက်ဆီးခဲ့ရာ  မီးသတ် တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့မှုအား ရပ်ရွာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လိုလားမှုမရှိသူများက လုံခြုံရေး တပ်ဖွဲ့ဝင်များ   ဝင်ရောက်ဖျက်ဆီးခဲ့သည့် အသွင်သဏ္ဌာန် ရေးသား၍ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် သတင်းများ ရေးသား ဖြန့်ဝေလျက်ရှိကြောင်း    သိရှိရသဖြင့်  ယင်းသို့ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသူ များနှင့် ဖြစ်စဉ်များတွင် ပါဝင်ကျူးလွန်သူများအား တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြဝတီဘဏ်အား ဆူပူအကြမ်းဖက်သူ ၂ ဦးက မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး  လက်လုပ်မိုင်း  ၂  လုံးဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ အဆိုပါ လက်လုပ်မိုင်းဖြင့် ပစ်ခတ်မှုကြောင့် လက်လုပ်မိုင်း ၁ လုံးသည် မြဝတီဘဏ်ခြံစည်း ရိုးအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၁ လုံးသည် ဘဏ်အတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် ထရန်စဖော်မာတံခါး ထိခိုက်ပျက်စီးခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား အမြန် ဆုံး ဖမ်းဆီးရမိရေးနှင့်   ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး   လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။