နေပြည်တော်၊ ဧပြီ ၂၇
နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက် လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေး စာသားများအား အများပြည်သူသုံး လမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့် အများပြည်သူပိုင် အဆောက်အဦများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေး စာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက်များအား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရပါသည်။လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသား လှုံ့ဆော်ဖြန့်ဝေ သူများကိုလည်း နိုင်ငံတော် တည်ငြိမ်ရေးအတွက် ရှေ့ရှု့ကာ ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ည ၆ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လှည်းတန်းလမ်းရှိ အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်းရှေ့၌ နိုင်ငံတော် ဆန့်ကျင်ရေးစာသားပါ စာရွက်များ၊ ဗီနိုင်းစများ ဖြန့်ကျဲထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းလမ်းပေါ်ရှိ “အောင်ကောင်းစံ” လက်ဖက်ရည်ဆိုင်အတွင်းမှ အမှတ်(၈)ရပ်ကွက်နေ ကျိန်မွန်ကိမ် (ခ)ချယ်ရီ(၂၃)နှစ် (ဘ)ဦးဂင့်ဇထန်းအား နိုင်ငံတော်ဆန့်ကျင်ရေး စာသားများပါ A4 စာရွက် ၁၆၀ ရွက်၊ ဆော့ပင် ၂ ချောင်း၊ သေင်္ဘာဆေးပုံး ၁ ပုံး တို့နှင့်အတူ တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အလားတူ ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် သန်လျင်မြို့နယ်၊ ရပ်ကွက်များအတွင် လှည့်ကင်းဆောင်ရွက်နေစဉ် ပဲခူးစုရပ်ကွက်၊ မာဃလမ်းမပေါ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းရှေ့အရောက်၌ အောင်သိန်းဦး(၁၉)နှစ်(ဘ)ဦးတင်ရွှေက လမ်းမပေါ်တွင် အဖြူရောင်မှုတ်ဆေးဗူးဖြင့် နိုင်ငံတော် ဆန့်ကျင်ရေးစာသားများ ရေးသားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။