မြို့နယ်အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်း မရှိသည့် ပြည်သူလူထုမှ လက်လုပ်သေနတ်နှင့် တူမီးသေနတ်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ မေ - ၉

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ လက်နက် ကိုင်ဆောင်လိုခြင်းမရှိဘဲ အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုများက ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင် ရှိသော လက်လုပ်သေနတ်နှင့် တူမီးသေနတ်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ထို့သို့အပ်နှံရာတွင်   မေလ  ၈  ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ နောင်လေကျေးရွာအုပ်စုမှ တူမီးသေနတ် ၆ လက်နှင့် လေသေနတ် ၃ လက်တို့အား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစု မြို့နယ်နှင့် ရေဖြူမြို့နယ်တို့မှ တူမီးသေနတ် ၈၈ လက်နှင့် လက်လုပ်သေနတ် ၁ လက် ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ မကျီးစင် ကျေးရွာမှ လက်လုပ်လေသေနတ် ၂ လက်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူး မြို့နယ်အတွင်းရှိ ကျေးရွာများမှ တူမီးသေနတ် ၂၉ လက်နှင့် လက်လုပ်လေသေနတ် ၁၆ လက်တို့ကို လည်းကောင်း၊ တမူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ လက်လုပ်ဂက်စ် သေနတ် ၉ လက်ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မိုးကောင်းကျေးရွာမှ လက်လုပ်သေနတ် ၁ လက်ကို လည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံလာ ရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်း မရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်နှင့် တူမီးသေနတ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်း ထားရှိကြောင်း သတင်းရရှိပါသည်။