မြို့နယ်အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်း မရှိသည့် ပြည်သူလူထုမှ လက်လုပ်သေနတ်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ မေ - ၃

    တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာ နေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။

    ထိုသို့လာရောက်အပ်နှံလျက်ရှိရာ မေလ ၂ ရက်နေ့တွင် လည်း နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဂါတ်ချိုင်းကျေးရွာမှ လက်နက်ကိုင်ဆောင်လိုခြင်း မရှိသည့် ပြည်သူလူထုမှ ဒူးလေး ၃ လက်၊ မြှား ၁ ချောင်း၊ လက်လုပ်သေနတ် ၁ လက် အား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အလှော်ကျေးရွာအုပ်စုမှ တူမီးသေနတ် ၃ လက်နှင့် လက်လုပ်သေနတ် ၃ လက် တို့အား လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်းကျေးရွာမှ လက်လုပ် သေနတ် ၁ လက် အား လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကွင်းကြီးကမ်းနား ကျေးရွာမှ လက်လုပ် သေနတ် ၃ လက် အား လည်းကောင်း၊ ဒေါင်းချောင်း ကျေးရွာနှင့်ထန်းပင်ခုံကျေးရွာတို့မှ လေသေနတ် ၃ လက်နှင့် ဒူးလေး ၁ လက်တို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၊ ညောင်ကုန်း(၅) ရပ်ကွက်မှ တူမီးသေနတ် ၂ လက်အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့သည်။

    ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်း မရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော တူမီးသေနတ်၊ လက်လုပ်သေနတ်များ၊ ဒူးလေးနှင့် မြှားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လက်ခံရ ယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။