နေပြည်တော်၊ မေ ၁၄
မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် မြန်မာ့စီပွားရေးဘဏ်တို့အား အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြောင်မြို့နယ်ရှိ မြို့မရဲစခန်းအား အကြမ်းဖက်သူအင်အား(၆)ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိ လာပြီး လက်လုပ်ဗုံး ၁ လုံး၊ တူမီးသေနတ်ဖြင့် ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး ၎င်းတို့ပစ်ခတ်ခဲ့သည့် လက်လုပ်ဗုံးမှာ ရဲစခန်းခြံစည်းရိုး အုတ်နံရံနှင့် ပေ ၅၀ ခန့်အကွာ လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီး မှုမရှိကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီအချိန်တို့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အား လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူ အင်အား (၄၀)ဦးခန့်ကလည်းကောင်း၊ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် အင်အား(၁၀၀)ဦးခန့်မှလည်းကောင်း လက်နက်ငယ်များ၊ တူမီးသေနတ်များ၊ လက်လုပ် ဗုံးများဖြင့် အကြိမ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လိုအပ်သောလုံခြုံရေးအင်အားများ ထပ်မံဖြည့်တင်းကာ အကြမ်းဖက်သောင်းကျန်းသူများအား ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ည ၆ နာရီ အချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများမှာ အနောက်ရပ်ကွက်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွား ခဲ့ပြီး တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ည ၉ နာရီ ၂၅ မိနစ်အချိန်တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မ(၂)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အား လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်ဗုံး ၃ လုံး ပစ်ပေါက်ခဲ့ရာ ဘဏ်ရှေ့ခြံစည်းရိုးအစပ်တွင် လက်လုပ်ဗုံး ၁ လုံး၊ ဘဏ်နှင့် ရှစ်ခန်းတွဲ ၂ ထပ်မြို့မဈေးအစပ်တွင် လက်လုပ်ဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကာ ပေါက်ကွဲခြင်းမရှိသည့် လက်လုပ်ဗုံး ၁ လုံးအား သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။ ထပ်မံ၍ ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် လက်လုပ်ဗုံး ၁ လုံး ၊ တူမီးသေနတ် ၁၀ ချက်ခန့်ဖြင့် လည်းကောင်း၊ ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် မြို့မရဲ စခန်းအား လက်လုပ်ဗုံး ၁ လုံး၊ တူမီးသေနတ်များဖြင့် လည်းကောင်း၊ မေလ ၁၄ ရက်နေ့ နံနက် ၁ နာရီ ၅၀ မိနစ်အချိန်တွင် မြန်မာ့စီးပွားရေးဘဏ်အား လက်လုပ်ဗုံး ၁ လုံးဖြင့် လည်းကောင်း လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ခုခံပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူနှင့် အဆောက်အဦများ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့စခန်းများနှင့် မြန်မာ့စီပွားရေးဘဏ်တို့အား အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ကာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။