နေပြည်တော်၊ မေ ၁၉
၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုများက ၎င်းတို့၏ သဘောဆန္ဒ အလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်နှင့် တူမီးသေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိ သူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ထို့သို့အပ်နှံရာတွင် မေလ ၁၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ မြစ်သားမြို့၊ မြို့မအနောက်ရပ်ကွက်မှ လက်လုပ်လေသေနတ် ၃ လက်အားလည်းကောင်း၊ စဉ့်ကိုင်မြို့နယ်၊ မိုးကောင်းကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အားလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မိုင်းတုံးတာကြီးကျေးရွာအုပ်စုနှင့် တိုက်မွန်းကျေးရွာအုပ်စုတို့မှ တူမီးသေနတ် ၂၀ လက်နှင့် လက်လုပ်လေသေနတ် ၁ လက်တို့အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ သက်ကယ်ပြင်ကျေးရွာမှ လက်လုပ်သေနတ် ၄ လက်အားလည်းကောင်း ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ပြည်သူလူထုက လာရောက်အပ်နှံသော လက်လုပ်သေနတ်နှင့် တူမီးသေနတ်များ အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်း ရရှိသည်။