မြို့နယ်အချို့၌ လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် ၁၂

တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့မှ ပြည်သူ လူထုများက ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
ထိုသို့အပ်နှံခဲ့ရာတွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်မှ တူမီးသေနတ် ၇ လက်၊ ပြုလုပ်ဆဲ တူမီးပြောင်း ၂ ခု၊ လက်လုပ်လေသေနတ် ၂၀ လက်၊ ပြုလုပ်ဆဲ ဒူးလေး ၁ လက်၊ ဂက်စ်သေနတ် ၉ လက်တို့အား လည်းကောင်း၊ နေ့လယ် ၁ နာရီခန့်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လ/တောင် ကျေးရွာအုပ်စုမှ လက်လုပ်လေသေနတ် ၁ လက်အားလည်းကောင်း၊ နေ့လယ် ၃ နာရီ ခန့်တွင် မြန်အောင်မြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စုနှင့် အိုးဘိုကျေးရွာအုပ်စုမှ လက်လုပ်လေသေနတ် ၃ လက်အားလည်းကောင်း၊ ညနေ ၄ နာရီခွဲခန့်တွင် မြောင်းမြမြို့နယ်၊ ရွာသစ်ကျေးရွာမှ လက်လုပ် လေသေနတ် ၂ လက်အားလည်းကောင်း၊ ညနေ ၅ နာရီခန့်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်မှ လက်လုပ်လေသေနတ် ၁ လက်အား လည်းကောင်း၊ ညနေ ၅ နာရီ ၄၅ မိနစ် ခန့်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ပန်းတင်ကျေးရွာမှ လေသေနတ် ၂ လက်၊ ဒူးလေး ၁ လက်၊ မြှား ၁ ချောင်း၊ လေအိုးနှင့် ကော်ပိုက် ၃ ချောင်းတို့အားလည်းကောင်း၊ ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဂန့်ဂေါမြို့နယ်၊ စကားကျေးရွာမှ လက်လုပ်တူမီးသေနတ် ၂ လက်၊ လုပ်လက်စတူမီးသေနတ် ၂ လက်၊ လက်လုပ်ဂက်စ်သေနတ် ၁ လက်တို့အားလည်းကောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များထံ အသီးသီးလာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
  ထိုကဲ့သို့ ပြည်သူလူထုက လာရောက်အပ်နှံသော လက်လုပ် သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ လက်ခံရယူခဲ့ပြီး သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။