နေပြည်တော်၊ ဇွန် ၁၅
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု၊ ယဒင်ကျေးရွာသို့ရောက်ရှိစဉ် ကြိုတင်သတင်းရရှိထား သည့် အဆိုပါကျေးရွာနေ ဇော်မင်းထွန်း ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား တွေ့ရှိရခြင်းမရှိဘဲ နေအိမ်အတွင်းမှ ပွိုင့် ၃၀၃ ရိုင်ဖယ် ကျည်(မကောင်း) ၁၅ တောင့်နှင့် အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းပြီး ပြန်လည်ထွက်ခွာလာစဉ် ညနေ ၆ နာရီခန့်တွင် ကိုင်းကန်ကျေးရွာအနီးသို့ အရောက်၌ လက်နက်ကိုင်အကြမ်းဖက်သူ အင်အား ၁၅၀ ဦး ခန့်က လမ်းဘေးတော အတွင်းမှ တူမီးသေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ် ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် အကြမ်းဖက်သူများ တောအတွင်းသို့ လူစုကွဲထွက်ပြေးသွားခဲ့ပြီး ထိုသို့ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
အလားတူ နံနက် ၁၁ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ဆိုင်ကယ် ခိုးမှုမှ တရားခံ ကွတ်ခိုင်မြို့၊ အမှတ်(၇)ရပ်ကွက်နေ ကျန်စီလစ်(၂၃)နှစ် (ဘ)ဦးကျန်ကွမ်ပေါက်၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ဆိုင်ကယ်ခိုးမှုကျူးလွန်သူများဖြစ်သည့် ဟွမ်ဖျင်(၂၃)နှစ်ပါ ၅ ဦး တို့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အမှတ်(၁၆၆)နေအိမ်တွင် ငှားရမ်းနေထိုင်ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်၌ ဟွမ်ဖျင်ပါ ၅ ဦးတို့အား မတွေ့ရှိရဘဲ နေအိမ်အိပ်ခန်းကုတင်အောက်မှ ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည် ၆ တောင့်နှင့် ဓားရှည် ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။