မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဇွန် ၈

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် လက်နက်ကိုင်သောင်းကျန်းသူများထံမှ ဖောက်ခွဲရေးသင်တန်း တက်ရောက်ပြီး အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များလုပ်ဆောင်ရန် ကြိုးစားနေသူများအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အိုင်ကြီးကျေးရွာ မြောင်းဘောင် ရေပြွန်အနီး ချုံစပ်၌ ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါချုံတွင်းမှ တပ်ဆင်ဆဲ လက်လုပ်ရှော့တိုက်ဒုံး ၇ လုံးအား တွေ့ရှိရသဖြင့် ရှင်းလင်းသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၇၁ လမ်းနှင့် ၄၀ လမ်းထောင့်ရှိ Juice Story အအေးဆိုင်သို့ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးပြုလုပ် မည့်လူများ လာရောက်မည်ဖြစ်ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင်စောင့်ဆိုင်း နေစဉ် ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာနေ ထက်နိုင်ဝင်း(ခ)ဂျပန်လေး(၂၂)နှစ် (ဘ)ဦးဝင်းဗိုလ် သည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာသည်ကိုတွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးခဲ့ရာ ၎င်းလွယ် ထားသည့် ဘေးလွယ်အိတ်အတွင်းမှ လက်လုပ်မိုင်း ၁ လုံး၊ ၎င်းစီးနင်းလာသည့် ဆိုင်ကယ် တူးဘောက်အတွင်းမှ လက်လုပ်မိုင်း ၅ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထက်နိုင်ဝင်း(ခ) ဂျပန်လေးအား စစ်ဆေးခဲ့ရာ ၎င်း၏ထွက်ဆိုချက်အရ ဖောက်ခွဲရေးလုပ်ရပ်များအား ၎င်းနှင့်အတူ ချမ်းအေးသာစံမြို့နယ်၊ ၈၃ လမ်းနှင့် ၂၉ လမ်းထောင့်ရှိ “မျိုးသိန်း”အီလက်ထရောနစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူ အာကာမိုး(၂၉)နှစ် (ဘ)ဦးဝင်းနိုင်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသဖြင့် အာကာမိုးအား ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် အာကာမိုးအား “မျိုးသိန်း” အီလက်ထရောနစ်ဆိုင်ရှေ့တွင် ထပ်မံ ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူနှစ်ဦးအား ထပ်မံစစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦး၏ထွက်ဆိုချက်အရ မဟာအောင်မြေမြို့နယ်၊ သံလျှပ်မှော်အနောက်ရပ်ကွက်၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြားရှိ နန်းအောင်(စိစစ်ဆဲ)၏ နေအိမ်၌ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်း ထားရှိကြောင်း သိရှိရသဖြင့် မွန်းလွဲ ၄ နာရီခွဲအချိန်တွင် နန်းအောင်၏နေအိမ်အား ဝင်ရောက်ရှာဖွေ ခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ MAR-9011 စာတမ်းပါ ပစ္စတို ၁ လက်နှင့် အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုမည့် ဆက်စပ်ပစ္စည်းများအားထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးစားနေသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။