မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဇွန် ၉

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် အကြမ်းဖက်လုပ်ဆောင်နေသူများ၊ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။

ထိုသို့ ဖော်ထုတ်လျက်ရှိရာ ဇွန် ၈ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ယဉ်ကျေးကျေးရွာ၏ တောင်ဘက်တွင်ရှိသော တောရ ဘုန်းကြီး ကျောင်း၌ ဆရာတော် ဉူးသုဇာတ ဦးဆောင်၍ လူငယ်၊ လူရွယ်များအား စစ်သင်တန်း ပေးခြင်း၊ လက်နက်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ တောရဘုန်းကြီး ကျောင်း၌ မည်သူတစ်ဦးတစ်ယောက်မှ မတွေ့ရှိ ရဘဲ ကျောင်းအတွင်းမှ တူမီး သေနတ် ၃ လက်၊ သစ်သားဒင် ၁ ခု၊ သံချောင်း ၈ ချောင်း၊ လက်လုပ်မိုင်းမျိုးစုံ ၁၀၅ လုံး၊ သံပိုက်လုံး ၁၁ လုံး၊ PVC ပိုက် ၆၅ ချောင်း၊ ယမ်းမှုန့်ထည့်ထားသည့် ကော်ဘူး ၄ ဘူး၊ ယမ်းကြိုးခွေ ၂ ခွေ၊ ဒီတိုနေတာ ၁ ဘူးလျှင် ၁၀၀ ခုပါ ၃ ဘူး၊ မီးစာတပ်ထားသည့် ဓာတ်ဆီပုလင်း ၆ လုံး၊ ဓား ၈ ချောင်း၊ လေးခွ ၆ လက်၊ ကွန်ပျူတာ မော်နီတာ ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ကားနံပါတ်ပြား ၄ ခုနှင့် ဆိုင်ကယ်နံပါတ်ပြား ၂ ခု၊ Alarm Speaker (Remote)ပါ ၁၄ ခုတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထိုအတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့မရဲစခန်း၏ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသော တရားခံ မူဆယ်မြို့၊ မြောက်ရပ်ကွက်နေ စိုင်းအောင်ကျော်လေး (၂၅)နှစ် (ဘ)ဦးစိုင်းယီဆမ်၏ ထွက်ဆိုချက်အရ ၎င်းနေအိမ်၌ လက်နက်ခဲယမ်းများ သိမ်းဆည်းထား ကြောင်း သိရှိရသဖြင့် ဇွန်လ ၈ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ၎င်းနေထိုင်သည့် မြောက်ရပ်ကွက် “Local Bar” စားသောက်ဆိုင်နှင့် တွဲလျက်နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ ၎င်း၏အိမ်ခန်း အတွင်းရှိ ဖိနပ်စင်ပေါ်မှ လက်ပစ်ဗုံး ၃ လုံးနှင့် ပွိုင့် ၂၂ ကျည်ဟု ယူဆရသည့် ကျည် ၁ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရရှိ ခဲ့ကြောင်းသိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးစားနေသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။