မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့် ဗုံးဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှု မဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့် ဗုံးဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်

 
နေပြည်တော်၊ ဇွန် ၂၄

 
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များက အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစား များဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင် ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက် ခြင်းများ၊ ပညာရေးအဆောက်အဦများအနီး ဗုံးဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်၊ ထုံးဘိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရှမ်းစုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် မန္တလေးတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်၊ ကြီးပင်တဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူများ ပညာရည်သင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်သမားများက ခြိမ်းခြောက်စာများ ကပ်သွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ပြီး ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။
အလားတူ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရ သီရိမြို့နယ်၊ တက်ရှိန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၏ လက်ကိုင်ဖုန်းအတွင်းသို့ “ကျောင်းဆက်လက်မတက်ဖို့ မေတ္တာရပ်ခံ သတိပေးအပ်ပါတယ်။ ကျွန်တော်တို့၊ ကျွန်မတို့၏ သတိပေးမှုကို အလေးမထားဘဲ ရှေ့ဆက်မည်ဆိုပါက ဆရာမကြီးနှင့် ဆရာမကြီး၏ မိသားစုအသက်အန္တရာယ်အား တာဝန်ယူမည်မဟုတ်” ဟု ခြိမ်းခြောက်စာ ပေးပို့ခဲ့ ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်စာပေးပို့သူအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျောင်း၏ အနောက်ဘက်လမ်းသွယ်အတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်အသံဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် KG ဆောင်နှင့် Grade-1 စာသင်ဆောင် နောက်ကျောဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ် စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်း ဖက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။