မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ ဇွန် ၂၅
    
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုး လာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့်   တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဇွန်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ပြည်သူ့ဆေးရုံ၌ ကျောင်းဆရာမတစ်ဦး ဒဏ်ရာများဖြင့် ရောက်ရှိ နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်ဦးမြို့နယ်၊ ပျဉ်းတိုင်း ကျေးရွာနေ ရွှေကဗြူကျေးရွာအခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်လွင်လွင်ဖြိုး (၃၆)နှစ် (ဘ)ဦးစိုးကြိုင်အား  လည်ကုတ်၊ ဝဲပုခုံး၊ ကျော၊ လက်ပြင်နှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်း၊ ပြတ်ရှ ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား မေးမြန်းခဲ့ရာ ဒေါ်လွင်လွင်ဖြိုးသည် ရွှေကဗြူကျောင်းမှ ကျောင်းဆင်းသည့်အချိန် ပျဉ်းတိုင်းကျေးရွာရှိ နေအိမ်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် ပြန်လာစဉ် ရွှေကဗြူ-ပျဉ်းတိုင်းကျေးရွာချင်းဆက်လမ်းပေါ် ရွာနှစ်ရွာအကြားအရောက်တွင် အကြမ်းဖက်သူ အမျိုးသား ၃ ဦးမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးမှ ကပ်လာပြီး ၎င်းအား ချွန်ထက်သည့် အရာဖြင့် ထိုးခဲ့သဖြင့် ဆိုင်ကယ်လဲကျကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
    
ထို့အတူ ည ၁၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ အိုင်ကြီးကျေးရွာ နေ ဦးထွန်းတင့်ခိုင် (၅၄)နှစ်၊ (ဘ) ဦးတင်ငွေ၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးအေးဝင်း (၄၀)နှစ် (ဘ) ဦးထိန်ဝင်း၊ သားဖြစ်သူ ကောင်းမြတ်ခိုင် (၁၁)နှစ်တို့နှင့်အတူ နေအိမ်၌ အိပ်ပျော်နေစဉ် မျက်နှာဖုံးများ စွပ်ထားသည့် အကြမ်းဖက်သူ အမျိုးသား ၆ ဦးက တူမီးသေနတ်များကိုင်ဆောင်ကာ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး “မြို့နယ်ဥပဒေအရာရှိ ခဲအိုဆိုတာ ဘယ်သူလဲ” ဟု ပြောဆို‌ နေအိမ်အတွင်း ဝင်ရောက်လာခဲ့ပြီး ဦးထွန်းတင့်ခိုင်အား နေအိမ်ပေါ်၌ ဝမ်းလျားမှောက်ခိုင်း၍ တူမီးသေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သူများမှ ပြန်လည်ထွက်ခွာသွားခဲ့သောကြောင့် ဦးထွန်းတင့်ခိုင်သည် တူမီးကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိခဲ့ရသည်။
    
အလားတူ ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာနေ ဦးနုတင်သိန်း(၅၂)နှစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ရပ်/ကျေးစည်းရုံးရေးမှူး (ဘ) ဦးချစ်ထွေးသည် နေအိမ်ဈေးဆိုင်၌ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ကယ်အနောက်မှ စီးနင်းလာသူမှ သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ထွက်ပြေးခဲ့ရာ ဦးနုတင်သိန်း၏ ဝဲရင်အုံတွင် ထိမှန်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိခဲ့ရသည်။
    
အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင် နေကြသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့်   တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ်အခြေခံကာ အကြောင်းမဲ့ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။