မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့်အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့်အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

 
နေပြည်တော်၊ ဇွန် ၁၇

 
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်မျိုးဆက်သစ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်း များ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူ ခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၅ ရက် ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်းလင်းပီမြို့၊ (၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအား CDF အမည်ခံအကြမ်းဖက်သမား ၂၀ ဦးခန့်ကဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများမှာ စာသင်ကျောင်း၏အရှေ့ မြောက်ဘက်ရှိ လျှိုအတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ကျောင်းဝင်းအတွင်း မီးလောင်နေ သည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ကျောင်းရုံးခန်း ၁ ခန်း၊ စတိုခန်း ၁ ခန်း၊ မှန် ၁ ချပ်၊ Printer ၁ လုံး၊ မိတ္တူကူးစက် ၁ လုံး၊ ကော်ဇော ၆ ချပ်၊ ဗလာစာအုပ်များ၊ မိုးကာလိပ်နှင့် စာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 
အလားတူ ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ မေဓါဝီလမ်းရှိ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း အရှေ့၌ မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်ပေါက်အနီးတွေ့ရသည့် မသင်္ကာဖွယ်အထုပ်အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ လုံးအား Keypad ဖုန်း ၁ လုံး၊ ဓာတ်ခဲ ၁ လုံး တို့ဖြင့်ချိတ်ဆက်ထားသည်ကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့ သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ လုံခြုံရေးကိုဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက် တွန်းထားကြောင်း သတင်းရရှိသည်။