နေပြည်တော် ဇွန် ၁၂
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇွန် ၁၁ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေး ကြသည်။
အဆိုပါ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်းဖြင့် ဇွန် ၁၁ ရက်မှ ၂၃ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။