မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ ကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ ကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၇

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျ ရေများ ကျဆင်းလာမှုကြောင့် မြို့နယ်အချို့တွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိပြီး အများပြည်သူ အသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
    

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ ရေးမြို့၊ ကမ်းနားလမ်းရပ်ကွက်ရှိ ရန်ကြီးအောင်တိုးချဲ့ရပ်ကွက်မှ အိမ်ထောင်စု ၃၇ စု၊ လူဦးရေ ၁၅၆ ဦးကို အဆိုပါရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမသို့ ပြောင်းရွှေ့ နေရာချထား ပေးခဲ့သည်။

အလားတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း မိုးသည်းထန် စွာရွာသွန်းပြီး လှိုင်းဘွဲချောင်းရေမြင့်တက်လာမှုကြောင့် လှိုင်းဘွဲမြို့အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် (က)ရပ်ကွက်မှ အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁၃၈ ဦးကို Cyclone Shelter နှင့် ကမော့ကချူးအခြေခံပညာအထက်တန်းကျောင်းခွဲသို့လည်းကောင်း၊ (ခ)ရပ်ကွက်နှင့် (ဂ) ရပ်ကွက်တို့ရှိ အိမ်ထောင်စု ၂၃ စု၊ လူဦးရေ ၁၃၂ ဦးကို အောင်ဆန်းခန်းမသို့လည်းကောင်း၊ (ဃ)ရပ်ကွက်ရှိ အိမ်ထောင်စု ၄၀ စု၊ လူဦးရေ ၁၉၆ ဦးကို မြို့မဂျာမေဗလီနှင့် အောင်ဆန်းခန်းမသို့လည်းကောင်း၊ မြဝတီမြို့နယ်အတွင်း သောင်းရင်းမြစ်ရေ မြင့်တက် လာမှုကြောင့် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု ၈ စု၊ လူဦးရေ ၃၉ ဦးနှင့် အမှတ်(၅)ရပ်ကွက်ရှိ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၇၁ ဦးတို့ကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်းအသီးသီးပြောင်းရွှေ့နေရာ ချထား ပေးပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ပြီး လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
    

ထို့အပြင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာအုပ်စုအနီးရှိ တောင်တန်းသည် ဇူလိုင် ၂၆ ရက်ညနေပိုင်းတွင် မြေပြိုကျ၍ တောင်အောက်ခြေရှိ လူနေအိမ် ၅ လုံး မြေပိပျက်စီးကာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မြေပြိုကျမှုဖြစ်ပွားရာနေရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊  နယ်မြေ ခံတပ်မှ တပ်မတော်သားများက မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍  လိုအပ်သည့်ကူညီ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင် ရွက်ပေးပြီး သေဆုံးသူ၏ ဆွေမျိုးများထံသို့ ငွေကျပ် ၃ သိန်းနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။