မွန်ပြည်နယ်၊မော်လမြိုင်မြို့၌ ဆူပူဆန္ဒပြသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဥပဒေမဲ့ အကြမ်းဖက်တိုက်ခိုက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက် ရှိပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်ပျက်ပြားစေသည့် အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထားပြီး ဖြစ်သည်။

ထိုသို့ထုတ်ပြန်ထားရှိသော်လည်း ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးချိုရပ်ကွက်၊ မော်လမြိုင်တက္ကသိုလ်ရှေ့၌ ညိုမင်း(ဘ)ဦးဌေးဝင်း နှင့် ထွန်းငြိမ်းဦး(ဘ)ဦးထွန်းလွင် တို့ ၂ ဦး ဦးဆောင်သော ဆူပူဆန္ဒပြသူ ကျောင်းသား/ ဒေသခံများပါဝင်သည့် အင်အား ၂၀၀ ဦးခန့် သည် မော်လမြိုင်တက္ကသိုလ်မှ မြို့တွင်းသို့ တရားဥပဒေမဲ့ ဆူပူဆန္ဒပြ ချီတက်လျက်ရှိသဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကြေညာ ထားရှိကြောင်းနှင့် လူစုခွဲရန် လက်ကိုင်အသံချဲ့စက်များဖြင့် သတိပေး ပြောကြားစဉ် ဆူပူဆန္ဒပြသူများက ခဲများ၊ ရေသန့်ဗူးများဖြင့် စတင်ပစ်ပေါက်ပြီး ဥပဒေနှင့် ဆန့်ကျင်သည့် အပြုအမူများ ပြုလုပ်လာခဲ့သည်။

ယင်းသို့ လုပ်ဆောင်လာသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် မေတ္တာရပ်ခံ ပြောဆိုခဲ့သော်လည်း လူစုခွဲခြင်းမရှိဘဲ ဆူပူဆန္ဒပြသူများက ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းတို့ကို လုပ်ဆောင်လာခဲ့ သောကြောင့် နံနက် ၁၀ နာရီခွဲခန့်တွင် ဦးဆောင်သူ ညိုမင်း၊ ထွန်းငြိမ်းဦး တို့အပါအဝင် ဆူပူဆန္ဒပြသူ ၄ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့ ၄ ဦးအား ခံဝန်ကတိဖြင့် ပြန်လည်စေလွှတ်ရန်အတွက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူတို့မှ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သော်လည်း ဆူပူဆန္ဒပြသူများက လူစုခွဲခြင်းမရှိဘဲ လေးခွများ၊ ကျောက်ခဲ၊ အုတ်ခဲများ၊ တုတ်များဖြင့် ပစ်ပေါက်ခြင်း စသည့်အကြမ်းဖက် လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်လာခဲ့သည်။

အဆိုပါ အကြမ်းဖက်လှုပ်ရှားမှုများ ရပ်တန့်သွားစေရန်အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များက ရာဘာကျည်ထိုးထားသော သေနတ်ဖြင့် ၁၀ ချက်ခန့်ခြောက်လှန့် ပစ်ခတ်ခဲ့သော်လည်း လူစုခွဲခြင်းမရှိဘဲ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်များအား ဆိုးရွားစွာ ဆက်လက် လုပ်ဆောင်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ္တရှောင်တိမ်းခဲ့ရသည်။

ထိုသို့ အကြမ်းဖက် ဆူပူဆန္ဒပြသူများအား ထိန်းသိမ်းစဉ် ၎င်းတို့၏ အကြမ်းဖက် လုပ်ဆောင်မှုများကြောင့်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်များ၊ ရဲအသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးပျက်စီးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားမှုမရှိစေရေး လုံခြုံရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ နေ့ညမပျက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။